လွေးထွေး၊ ဒီဇင်ဘာ ၄ ရက်၊ မန္တလေး
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ ဈေးချိုနဲ့ လမ်းသွယ်တချို့မှာ မနေ့ ဒီဇင်ဘာ ၃ ရက် မနက်က ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသူတွေကို ဒီနေ့ မနက် ဒီဇင်ဘာ ၄ ရက်အထိ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးရှာဖွေခဲ့ကြောင်း မြို့ခံအမျိုးသမီးရဲ့ပြောပြချက်အရ သိရပါတယ်။
မနေ့ ဒီဇင်ဘာ မနက် ၅ နာရီ ဝန်းကျင်ကစပြီး မန္တလေးဈေးချိုနဲ့ အနီးအနားက လမ်းသွယ်တွေမှာ ၇ နာရီ ဝန်းကျင်အထိ ရွေးကောက်ပွဲနဲ့ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကွက်ကြားဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အမည်မဖော်လိုသူမြို့ခံအမျိုးသမီးက “မနေ့ကဈေးထဲ လူ ၃၀၊ ၄၀ လောက်ဆန္ဒခဏပြကြတာ ဟုတ်တယ်ပေါ့။ ပြီးတော့ ပျောက်သွားကြတယ်။ အခုမနက် ၈ နာရီလောက်အထိ ကျမတို့နေတဲ့ လမ်းထဲကို ဝင်မေးတယ်။ ဆန္ဒပြသူတွေရှိလား။ ရှိရင်ရုံးကို လာပြောဖို့ မကြောက်နဲ့တဲ့” လို့ ပြောပါတယ်။
၎င်းဆန္ဒပြသူတွေကို မနေ့ကစပြီး ဈေးချိုအတွင်းနဲ့ တခြားနေရာမှာပါ စစ်ကောင်စီတပ်က လိုက်ရှာပြီးတော့ ဖမ်းမိရင် သတ်ပစ်မယ်ဆိုတဲ့အကြောင်းပါ ပြောဆိုကြောင်း ဆိုကြပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
ဒါ့အပြင် လက်ရှိသတင်းရေးသားတဲ့အချိန်အထိ မန္တလေးမြို့အဝင်အထွက်၊ လမ်းနဲ့ လူအများစုဝေးရာနေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လုံခြုံရေးထပ်မံတိုးချထားပြီး စစ်ဆေးနေကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
အလားတူ စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေချတပ်စွဲထားတဲ့ မန္တလေးမြို့မှာ မကြာခဏ ကွက်ကြားဆန္ဒပြတာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးနိုင်ခဲ့တာမရှိပေမဲ့ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်နိုင်ကြောင်း စွတ်စွဲပြီး လူငယ်တွေကို ဖမ်းဆီးတာတွေတော့ လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။