မိုင်းရူပ၊ ဒီဇင်ဘာ ၂ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီးမှာ ကျားဖြန်လုပ်ငန်းလုပ်ကိုင်နေသူ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက မနေ့ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက်မှာ တောင်ထိပ်ကျေးရွာရဲ့ တောင်ဘက် ဒုဋ္ဌဝတီမြစ်အနီးမှာ မသင်္ကာဖွယ်ရာ အဆောက်အအုံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးစဥ် ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အွန်လိုင်းငွေလိမ်ရာမှာ အသုံးပြုတဲ့ အဆောက်အဦးတွေအပါအဝင် ကွန်ပျူတာ၊ စတားလင့်ခ် စတဲ့ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
တောင်ထိပ်ကျေးရွာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်မှာ စစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပုံဝိုးကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။
ဒါ့အပြင် SSPP ထိန်းချုပ်ထားတဲ့ တောင်ခြေ၊ အထက်ရဲရွာအပါဝင် ဒုဋ္ဌဝတီမြစ်အနီးမှာ အရင်ကတည်းက ကျားဖြန်ရုံတွေ ရှိနေတာဖြစ်တယ်လို့ ကျောက်မဲဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
“အထက်ရဲရွာဘက်မှာ ကျားဖြန်ရုံရှိတယ်။ အရင်ကတည်းလည်း ကြားတယ်။ TNLA ကျောက်မဲကို ထိန်းချုပ်ကတည်းက အဲဘက်မှာ ကျားဖြန်ရုံတွေရှိတယ်” လို့ မြေပြင်အခြေအနေသိရှိတဲ့ ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က SSPP ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ SSPP တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က SSPP ရဲ့ ထုတ်ပြန်ချက်မှာတော့ SSPP ထိန်းချုပ်နယ်မြေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ မရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယအပတ်မှာလည်း SSPP တပ် အခြေချလှုပ်ရှားတဲ့ ရှမ်းတောင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီးက ကျားဖြန်ဂိုဏ်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ နိုင်ငံခြားသား ၂၆ ဦးနဲ့ မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
SSPP တပ်ဘက်ကတော့ ၎င်းတို့ ထိန်းချုပ်ထားနယ်မြေမှာ ကျားဖြန်ငွေလိမ်ဂိုဏ်းတွေ အခြေချနေတာနဲ့ ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။