မိုင်းရူပ၊ နိုဝင်ဘာ ၂၉ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP ဘက်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၉ ရက် နေ့လည် ၁ နာရီဝန်းကျင်ကစပြီး အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ SSPP တပ်တည်ရှိရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် နေ့လည် ၃ နာရီဝန်းကျင်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းအပြင် ဒရုန်းတိုက်ခိုက်မှုတွေပါ အသုံးပြုခဲ့တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပုံဝိုးကျေးရွာဟာ ကျောက်မဲမြို့နယ်နဲ့ ရှမ်းတောင် ရပ်စောက်မြို့နယ်ဘက်သွားတဲ့ လမ်းပေါ်မှာ တည်ရှိပြီး ကျောက်မဲမြို့ကို တအာင်းတပ်မတော် TNLA ထိန်းချုပ်စဥ် နောင်ပိန်၊ ပုံဝိုးတကျောကို SSPP တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ကျောက်မဲမြို့ကို ပြန်ရပြီးနောက် အရင်က SSPP အခြေချ တပ်စွဲထားတဲ့ နောင်ပိန်ကျေးရွာကို အုပ်ချုပ်ခွင့် မပေးတာကြောင့် နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာမှု ဖြစ်နေတာလို့ နောင်ပိန်ရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စကစက ရဲရွာမှာ စခန်းချတဲ့ SSPP တွေကို တပ်ရွေ့ခိုင်းတာ။ SSPP က မရွေ့ဘူး။ နောင်ပိန်လည်း SSPP က အုပ်ချုပ်ခွင့် ပြန်တောင်းတာ စကစဘက်က မပေးဘူး။ အခု SSPP က နောင်ပိန်တကျောမှာ စစ်ကောက်နေတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် SSPP ထိန်းချုပ်ထားတဲ့ အထက်ရဲရွာအပါအဝင် တောင်ခြေရွာတွေမှာ ကျားဖြန်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ရှိနေပြီး စစ်ကောင်စီဘက်က ကျားဖြန်ဂိုဏ်းတွေ ဖမ်းဆီးဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲဖြစ်ပွားတာလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

“ရဲရွာဘက်မှာ ကျားဖြန်ရုံရှိတယ်။ အရင်ကတည်းလည်း ကြားတယ်။ TNLA ကျောက်မဲမြို့ကို ထိန်းတုန်းက နောင်ပိန်တကျောက SSPP အပိုင်ပေါ့။ အခု စကစ ပြန်ရတော့ SSPP ကို ပေးမအုပ်ချုပ်ဘဲ အင်အားလျော့ခိုင်းတဲ့ သဘောပေါ့” လို့ ၎င်းက ဆက်ပြောပါတယ်။

SSPP ထိန်းချုပ်ထားတဲ့ အထက်ရဲရွာနဲ့ တောင်ခြေကျေးရွာအပါအဝင် နောင်ပိန်တကျောမှာ ကျားဖြန်ရုံတွေရှိနေတာလို့ ထွက်ပေါ်နေတဲ့သတင်းနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်ရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က SSPP ရဲ့ ထုတ်ပြန်ချက်မှာတော့ SSPP ထိန်းချုပ်နယ်မြေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ မရှိစေရေး အထူးကြပ်မတ် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။