မိုင်းရူပ၊ နိုဝင်ဘာ ၂၆ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ပေါ်မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ လားရှိုး – သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ်က ကားပွဲစားတန်းအနီးမှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးလာနေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
“သိရသလောက်တော့ လုတာမဟုတ်ဘူး။ ဒီတိုင်းပဲ ပစ်သွားတာ။ သေနတ်နဲ့ ၄ ချက် ပစ်သွားတယ်။ လက်မှန်ထားတယ်။ အညိုးကြောင်းဘဲ ထင်တယ်။ အခု လားရှိုးမှာက သေနတ်ကိုင်တဲ့သူ များနေတယ်” လို့ ဖြစ်စဥ်သိရှိသူ လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပစ်ခတ်ခံရသူအမျိုးသမီးဟာ အိမ်ခြံမြေ ပွဲစားလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ပစ်ခတ်သွားတဲ့ သူတွေကိုတော့ လက်ရှိအချိန်အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ လားရှိုးမြို့မှာ ဆိုင်ကယ်လုယက်တာတွေ၊ ကားလုယက်တာတွေနဲ့ ဓားပြတိုက်တာတွေ မကြာခဏဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက် (၇) က လုံလော့စျေးအနီးမှာ ကားတစ်စီး ဓားပြတိုက် လုယက်ခံခဲ့ရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။