မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၂၄ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲအထက်မှာရှိတဲ့ တောင်ပေါ်ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ရွာခံတွေ များပြားလာတယ်လို့ ဒေသခံတွေက ရွှေဖီမြေေကို ပြောပါတယ်။
“အခု ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲမှုက ပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်ပေါ့။ မူးယစ်ဆေးဝါး သုံးစွဲသူတွေများတော့ လူကောင်းတွေ နည်းသွားတာပေါ့။ လူကောင်းတွေနည်းသွားတော့ ပြန်မထိန်းချုပ်နိုင်တော့ဘူး” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ရွာသူကြီးနဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူး လုပ်သူတွေကိုယ်တိုင် မူးယစ်ဆေးဝါး သုံးစွဲတာကြောင့် ရွာခံတွေ အခက်ကြုံလာကြရပြီး ဒီဖြစ်စဥ်တွေကို တအာင်းတပ်ရဲ့ ထိန်းချုပ်မှု အောက်ရှိနေတဲ့ မိုင်းငေါ့မြို့ ရဲစခန်းမှာ ရွာခံတွေဖက်က တိုင်ကြားပေမယ့် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
“ရဲတွေက သိတယ်။ ဒီရွာကလူတွေ မူးယစ်ဆေးဝါးသုံးတာ။ သိလည်း သိတယ်။ မြင်လည်း မြင်တယ်။ သက်သေအထောက်အထားလည်း ရှိတယ်။ သူတို့ လောလောဆယ် အရေးမယူနိုင်သေးဘူးပေါ့နော်”ဆိုပြီး အထက်ပါရွာခံက ဆိုပါတယ်။
မိုင်းငေါ့မြို့အထက်မှာ မန်ခေါက်၊ ခွန်ကော်၊ ကျောက်ဖြူ၊ ပန်နင်း၊ နမ့်တွေ စတဲ့ ကျေးရွာ အုပ်စုတွေ ရှိပါတယ်။
၂၀၂၁ နှစ်ကုန်ပိုင်းက စတင်ပြီး PSLF/TNLA ဟာ ကျောက်မဲမြို့နယ် တောင်ပေါ်ကျေးရွာတွေအပြင် မြို့ထဲအထိ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးခဲ့သလို မူးယစ်ဆေးဝါး ကင်းစင်လာတဲ့အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကို လုပ်ဆောင်ခဲ့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနောက်ပိုင်းမှာပဲ ကျောက်မဲမြို့နယ်ထဲက တောင်ပေါ်ကျေးရွာတွေမှာ အခုလို မူးယစ်ဆေးဝါးသုံးစွဲမှု ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။