ယာရူစိင်၊ နိုဝင်ဘာ ၂၄ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုနဲ့ ရှမ်းတောင် ရပ်စောက် ကျောက်ဂူလမ်းကို စစ်ကောင်စီတပ်က ၆ ရက်ကြာ ပိတ်ထားခဲ့ရာ မနေ့ နိုဝင်ဘာ ၂၃ ရက်မှာတော့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
နောင်ချို-ကျောက်ဂူလမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ စစ်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့တာဖြစ်ပြီး ၆ ရက်အကြာမှာတော့ ပြန်လည်ဖြတ်သန်းခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။
“၂၃ ရက်မှာ ပြန်ဖွင့်ပေးထားတာ။ တချို့ကားတွေတောင် သွားလာနေပါပြီ။ လက်ရှိတော့ သွားလာလို့ ရပေမဲ့ ပြန်ပိတ်မှာပဲ ဆိုးနေတာ” လို့ ယာဉ်မောင်းတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှာလည်း လားရှိုး-သီပေါတံတားကို စစ်တပ်နဲ့ ကိုးကန့်တပ်က နှစ်ဖက်အပြန်အလှန် ပိတ်ဆို့ထားပြီး ဒီနေ့ နိုဝင်ဘာ ၂၄ ရက်အထိ ပြန်ဖွင့်ပေးတာ မရှိသေးပါဘူး။
“သီပေါတံတားတော့ ပိတ်ထားတုန်းပဲ။ ဖြတ်သွားချင်ရင်တော့ လမ်းလျှောက်သွားလို့ပဲ ရတာ။ လူနာတင်တဲ့ကားတွေကိုတောင် ပေးမဖြတ်ဘူးလေ” လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
သီပေါတံတားကို နှစ်ဖက်တပ်က အပြန်အလှန် ပိတ်ထားတာကြောင့် ဒေသခံတွေက တာလုံရွာက ချောင်းကိုဖြတ်ပြီး သွားလာရတာဖြစ်ပြီး ကားတစ်စီးကို ချောင်းဖြတ်ကူးခ ၆ သောင်းကျပ်အထိ ပေးနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့နဲ့ ကျောက်ဂူလမ်းအပြင် မိုင်းရယ်မြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။