လွေးထွေး၊ နိုဝင်ဘာ ၂၄ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်မြို့နယ်မှာ ဗုံးကြဲပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီး (ပါရာမော်တာ)ကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲမှာ ပေါက်မြို့နယ် မြောက်ပိုင်းတစ်နေရာမှာ ပေါက် ပကဖမှ တပ်ရင်းမှူး ဦးဆောင်တဲ့ ကျားဘီလူးစစ်ကြောင်း ဦးဆောင်ပြီး မြိုင် ပကဖနဲ့ MGY PDF တို့ ပူးပေါင်းပြီးတော့ ခြေမြန်တပ်မဌာနချုပ် တမခ ၁၀၁ မှ စက်တပ်လေထီး နှစ်စီးကို ပစ်ချခဲ့ချိန် တစ်စီးက ပျက်ကျခဲ့တာပဲ ဖြစ်ပါတယ်။
ပေါက်မြို့နယ် ပကဖမှ တာဝန်ရှိသူက “ကျနော်တို့တပ်က ပစ်တယ် ပြီးတော့ စက်သေသွားတယ်။ မောင်းတဲ့ ပိုင်းလော့ (မောင်းသူ)ကလည်း ထိသွားလို့ ပြုတ်ကျသွားတယ်။ သေလား ရှင်တာလား မသိရသေးဘူး။ စစ်ကြောင်းတွေလည်း ထိုးလာနေတော့လေ” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီစက်တပ်လေထီး ပျက်ကျတဲ့နေရာအနီးမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ရှိနေတာကြောင့် မောင်းသူကို မရှာဖွေနိုင်သေးကြောင်း သူက ဆက်ပြောပါတယ်။
စစ်ကြောင်း ထိုးနေတာကြောင့် လူထုတွေအနေနဲ့ စစ်တပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းဒဏ်တွေကို ဂရုစိုက်ကြဖို့နဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြဖို့ကိုလည်း ပေါက်မြို့နယ် ပကဖက ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။