လွေးထွေး၊ နိုဝင်ဘာ ၂၃ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ထဲကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လူအင်အားဖြည့်တင်းနေတယ်လို့ ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ကနေ နေ့လယ် ၃ နာရီ ဝန်းကျင်အထိ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ လေ့ကျင့်ရေးကွင်းပေါ်ကို ရဟတ်ယာဉ်နဲ့ စစ်သားတွေ အဆက်မပြတ် ချပေးနေခဲ့တာဖြစ်ပါတယ်။
ကိုယ်တိုင်မြင်ခဲ့ရသူ အမျိုးသားက “ဟတ်စကီးသံ ကြားတော့ ထွက်ကြည့်တာ။ စစ်သားတွေဘဲ အပြုံလိုက်ဆင်းလာတာတွေ့တယ်။ အတက်တော့ မရှိဘူး။ လာချသွားတာ” လို့ ပြောပါတယ်။
ဒါ့အပြင် မြို့တွင်းမှာလည်း နိုဝင်ဘာ ၂၂ ရက် ညနေမှာ စစ်ကားတွေ အသွားအလာ ပြုလုပ်နေတယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ စစ်ရေးတင်းမာနေပြီး အပြန်အလှန် လမ်းကြောင်းတွေ ပိတ်ထားသလို စစ်ရေးအခြေအနေလည်း ရှုတ်ထွေးနေတာကြောင့် အခုလို စစ်အင်အားဖြည့်ထားတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။