ပို့လဘား၊ နိုဝင်ဘာ ၁၇ ရက်၊ မကွေး
မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁သောင်း နီးပါး ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၆ရက်က ပေါက်မြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီတပ်က အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းထိုးလာတာကြောင့် ကျေးရွာ၂၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “မနေ့က ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ဘက်ကို သူတို့စစ်ကြောင်းဝင်ရောက်လာပြီးတော့ ဒေသခံ ၁သောင်းထက်မနည်းထွက်ပြေးတိမ်းရှောင်နေရတယ်။ အဲဒီမြိုင် စက်မှုစုန် ၂ ထဲကိုလည်း စစ်ကောင်စီတပ် ဝင်ရောက်လာတာရှိတယ်။ အဲနေရာမှာ သူတို့လှုပ်ရှားမှုရှိတယ်။ ဒေသခံတွေကိုလည်း ဝင်ရောက်ဖမ်းဆီးတာတွေရှိတယ်။ ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် မြိုင်မြို့နယ် ဝက်ပုတ်၊ ဝါးရင်းချိုင်၊ ကျွဲတွင်းရွာ၊ ဆိပ်တောင်၊ တောင်ရိုးစတဲ့ ကျေးရွာတွေနဲ့ ပေါက်မြို့နယ်က ဆေးပင်ကြီး၊ ကမ္ဘားဖြူ၊ ကန်သစ်၊ ထန်းပေါက်၊ ဖလံကန်စတဲ့ ကျေးရွာတွေဟာ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်ထဲကိုလည်း စစ်ကောင်စီတပ်က မနေ့ နိုဝင်ဘာ ၁၆ ရက် ည ၇နာရီခွဲကျော်မှာ Y-12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု (၁၁) ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးသီး (၆၆)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း မြိုင်မြို့နယ် စက်မှုန်ဇုန်၂ ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဝက်ပုတ်ရွာအနီးရှိ ရွာတန်းရှည်ရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။