လွေးထွေး၊ နိုဝင်ဘာ ၁၆ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ်မှာ ကိုးကန့်တပ် MNDAA က စစ်သုံ့ပန်း ၂၀၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ နိုဝင်ဘာလ ၁၅ ရက် မနက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်းတွေကို MNDAA က လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံအမျိုးသားက “မနေ့ ပြန်လွှတ်ပေးလိုက်တာ မှန်ပါတယ်။ တချို့ကို မိသားစုတွေက ကိုယ်စီလာခေါ်ကြပြီ။ တချို့ကတော့ ကျန်သေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ ဆွေးနွေးမှုပြီးတဲ့နောက် အခုလို စစ်သုံးပန်းတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကလည်း ကိုးကန့်တပ် MNDAA က စစ်သုံ့ပန်း ၄၆ ဦးကို ပြန်လွှတ်ပေးတာ ရှိခဲ့ပါတယ်။
လက်ရှိမှာလည်း လားရှိုးမြို့အနီး ဟိုယ၊ နမ့်ပေါင်နဲ့ သီပေါ စတဲ့နေရာတွေမှာလည်း စစ်ကောင်စီတပ်က ကိုးကန့်တပ်ကို တပ်ဆုတ်ခိုင်းတာမျိုး ရှိနေတာကြောင့် နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။