ရွှေဖီမြေ၊ နိုဝင်ဘာ ၁၆ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်မြို့နယ်ကို မိတ္ထီလာ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ ကနေ အင်အား ၄၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မနေ့ နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ မှာ အဆိုပါစစ်ကြောင်းက ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) ကနေတဆင့် ပေါက်မြို့နယ်ကို စတင်ဝင်ရောက်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တပ်မ ၉၉ လက်အောက်ခံတပ်ရင်းဖြစ်တဲ့ အမှတ် (၁၄) ခြေမြန်တပ်ရင်း (ခမရ – ၁၄)၊ (ခမရ ၁၉) နဲ့ (ခမရ ၁၀၉) စတဲ့ တပ်ရင်း ၃ ရင်းနဲ့ ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေကို စစ်ကြောင်း ၃ ကြောင်းနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကြောင်း ၃ ကြောင်းထဲက အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ နိုဝင်ဘာ ၃ ရက်မှာ ကျောက်ကာကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒါအပြင် နိုဝင်ဘာ ၅ ရက်နေ့မှာလည်း ပေါက်မြို့နယ်တောင်ပိုင်း ယောချောင်းအနီးမှာ တိုက်ပွဲထပ်မံဖြစ်ပြီးခဲ့ပြီး အဆိုပါတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ရုပ်အလောင်း ၇ လောင်းနဲ့အတူ စစ်လက်နက်ပစ္စည်းနဲ့ ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
၎င်းတိုက်ပွဲမှာ စစ်ကောင်တပ်ထံမှ MA 1 – ၂လက်၊MA 2 -၁လက်၊ MA 3 -၁လက်၊ ကာဗိုင်သေနတ်-၁လက်၊ MA ဘောက်ဝိုင်း -၃ ခု MAဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့်၊ 60mm ၅ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆လုံး၊ နင်းမိုင်း ၅လုံး၊ ဘစလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေး စက်အကြီး ၁လုံး (စကားပြောစက် ၂ခု)၊ ကွန်ပျူတာ ၁လုံး၊ Bluetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ဖုန်း ၂ လုံး စစ်သုံး ပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု ၊မီးကြိုးခွေ ၃ ခု၊ Power Bank ၁လုံး အပါ အဝင် ဆက်စပ်ပစ္စည်းတချို့တွေပါ သိမ်းဆည်းရမိခဲ့ပါတယ်။
၎င်းတိုက်ပွဲတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ပေါက်-ဆိပ်ဖြူ တပ်ရင်းစုဖွဲ့မှုနဲ့ MGY PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။