မိုင်းရူပ၊ နိုဝင်ဘာ ၁၄ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ လူမနေတဲ့ တအာင်းလူမျိုးနေအိမ်တွေကို စစ်ကောင်စီတပ်က နေအိမ်ထဲ ဝင်မွှေပြီး ပစ္စည်းတွေ သိမ်းယူနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကစပြီး ငြိမ်းချမ်းရေးကုန်းရှိ လူမနေတဲ့ တအာင်းလူမျိုးအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက် မွှေနှောက်ပြီး အိမ်အသုံးအဆောင်ပစ္စည်းအပါအဝင် ပရိဘောဂပစ္စည်းတွေကို သိမ်းယူနေတယ်လို့ ကျောက်မဲမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သော့ပိတ်ထားတဲ့ အိမ်တွေ ဖွင့်ပြီး ပရိဘောဂ၊ အိမ်အသုံးအဆောင်တွေ သယ်သွားကြတယ်။ အိမ်လူရှိရင်တော့ မဝင်ဘူး။ အများအားဖြင့် ပလောင်အိမ်တွေဘဲ။ အခြားလူမျိုးအိမ်တွေလည်းပါတယ်။ နည်းတယ်ပေါ့။”
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်–TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တွေ ချိတ်ပိတ်တာ၊ မြို့တွေ တချို့ကို ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ ကျောက်မဲမြို့မှာ TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ ဒေသခံ ၅ ဦးထက်မနည်း ရှိနေပြီး ချိတ်ပိတ်ခဲ့တဲ့ နေအိမ် ၁၀ နဲ့ချီ ရှိပြီလို့ သိရပါတယ်။
တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ စစ်ကောင်စီက ပြန်လည် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာလည်း နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်ထားပြီး မြို့ခံ တချို့ကို ဖမ်းဆီးထားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။