လွေးလာဝ်ဇာရ်၊ နိုဝင်ဘာ ၁၀ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကနေလာတဲ့ ခရီးသည်တွေထဲက တအာင်းလူမျိုးကို ကျောက်မဲမြို့အဝင်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ ဖြစ်စဉ်သိရှိသူတစ်ဦးဆီက သိရပါတယ်။
ကျောက်မဲမြို့မရောက်ခင် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ မိုးကုတ်ကနေ ထွက်လာတဲ့ ခရီးသည်တွေကို မှတ်ပုံတင် စစ်ဆေးပြီး တအာင်းလူမျိုးပါရင် ပြန်လှည့်ပြန်ခိုင်းတယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ်။ မှတ်ပုံတင်ကြည့်ပြီး ပလောင်(တအာင်း)ဆို ပြန်လှည့်ခိုင်းပါတယ်။ လာသမျှ ကားတွေကို စစ်ဆေးပြီးမှ ပလောင်ဆို ဆက်သွားလို့မရဘူး။ ပလောင်မပါတဲ့ ကားတွေဆို ပေးသွားတယ်။ ပလောင်မှတ်ပုံတင်နဲ့ဆိုရင်တော့ ရွှေဘိုလမ်းဘက် သွားတာ ပိုအဆင်ပြေပါတယ်”
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်ဒေသခံ ၄ ဦးကိုလည်း ပလောင်လူမျိုးဆိုပြီး လှည့်ပြန်ခိုင်းခဲ့တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်ဘဲ ရှိသေးတယ်။ အဲဒီ ၄ ယောက်လည်း ပြန်လှည့်ခိုင်းတယ်။ မှတ်ပုံတင်ကြည့်တော့ ပလောင်ဆိုပြီး ပေးမဖြတ်ဘူး။ ပြန်လှည့်ခိုင်းတာ။ မိုးကုတ်က ပလောင်တွေဘဲ မဟုတ်ဘူး။ တခြားမြို့နယ်က ပလောင်တွေလည်း မရပါဘူး”
မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နောင်ချိုမြို့ကြားက ဝက်ဝံဂိတ်မှာ စစ်တပ်ဘက်က အစစ်အဆေး ကြမ်းနေပြီး တိုင်းရင်းသားလူမျိုးတွေကို ကြည့်ပြီးတော့ ခွဲခြားဆက်ဆံနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
အလားတူ ပြင်ဦးလွင်မြို့အဝင် ၁၆ မိုင်ဂိတ်မှာလည်း တင်လာတဲ့ အိတ်တစ်အိတ်ချင်းဆီကို ဖွင့်ပြီးတော့ အသေးစိတ် စစ်ဆေးတယ်လို့လည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။