By မိုင်းဖိူမ်းဆငဲ၊ ရွှေဖီမြေ

အရင်တုန်းကတော့ တစ်ရက်ကို ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရှိခဲ့တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ အခုထိ အရင်လို ကုန်သွယ်ရေးတွေ ပြန်မစနိုင်သေးပါဘူး။

လက်ရှိမှာ တရုတ်-မြန်မာ ကုန်သွယ်မှု အများဆုံး လုပ်ခဲ့တဲ့ ကျင်စန်းကျော့ဂိတ်နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်- AA၊ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA တို့က အဓိက ထိန်းချုပ်ထားပါတယ်။

ဒီကုန်သွယ်ရေးဇုန်မှာ ကုန်သွယ်မှု အလွန်ဖြစ်မြောက်ခဲ့တာကြောင့် မြို့ပြကြီးတစ်ခုလို လူတွေ၊ ကုန်ကားတွေ စည်ကားသိုက်မြိုက်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။

ကုန်ကားတွေလည်း မိုင်နဲ့ချီတဲ့ အကွာအဝေးထိ ပိတ်ဆို့တဲ့အထိ စည်ကားလွန်းခဲ့တဲ့ ဒီ ၁၀၅ မိုင်မှာ လက်ရှိ နိုဝင်ဘာလအတွင်းမှာတော့ လမ်းမကြီးပေါ် ကုန်ကား သွားလာမှု မရှိသလောက် နည်းပါးလာတာကို တွေ့ရပါတယ်။

ဘာကြောင့် ဒီလိုအခြေအနေ ရောက်သွားတာလဲ။

အကြောင်းအရင်းများစွာ ရှိပေမဲ့ ထင်သာမြင်သာရှိပြီး လက်လှမ်းမှီနိုင်တဲ့ အကြောင်းအရင်းတချို့ကို ဖော်ပြပါမယ်။

ပထမဆုံးအချက်က ပြည်ထောင်စု လမ်းမကြီးပေါ်မှာ “၃ ပေ ၁ ဂိတ်” ပေါများတာ၊ နောက်တစ်ချက်ကတော့ ဒီနယ်စပ်ဂိတ်ကနေ ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီတပ်ဘက်က တရားမဝင်လို့ သတ်မှတ်ပြီး ဖမ်းဆီးတာကြောင့် ဖြစ်ပါတယ်။

“၃ ပေ ၁ ဂိတ်”ဆိုတာ ကုန်ကားနဲ့ ခရီးသည် ကားသမားတွေအကြား ရေပန်းစားတဲ့ ပြက်လုံးဖြစ်ပြီး သူ့ရဲ့အနက်အဓိပ္ပာယ်ကတော့ ၁၀၅ မိုင်ကိုရောက်ဖို့ ပေါများလှတဲ့ လက်နက်ကိုင်ဂိတ်တွေကို ဖြတ်ကျော်ရတယ်ဆိုတာကို ဆိုလိုချင်တာ ဖြစ်ပါတယ်။

၁၀၅ မိုင်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားပေမဲ့ ၁၀၅ မိုင်အလွန်မှာတော့ များပြားလှတဲ့ လက်နက်ကိုင်တပ်ဂိတ်တွေ အခြေချထားပါတယ်။ နယ်စပ်ဂိတ်ကနေ ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ အခွန်ဆောင်ရသလိုမျိုး တခြားအဖွဲ့တွေလည်း လမ်းမပေါ် ဂိတ်ဖွင့်ပြီး အခွန်တောင်းတာတွေ ထပ်ရှိနေပါတယ်။

ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်း၊ ရခိုင်၊ ကိုးကန့်တို့ ၃ ဖွဲ့ထံ ၁၀၅ မိုင်မှာ အခွန် ၃၀ ရာခိုင်နှုန်းဆောင်ရင် ရှမ်း၊ ကချင်တပ်တို့ကိုလည်း ၁၀ ရာခိုင်နှုန်းဆီ အခွန်ပြန်ဆောင်ကြရတယ်လို့ သိရပါတယ်။

ဒါက ၁၀၅ မိုင်ကနေ ကုန်သွယ်ဖို့ ကုန်ကားတွေအတွက် ခက်ခဲစေတဲ့ အချက်တစ်ချက်ဖြစ်ပြီး ၁၀၅ မိုင်ရဲ့ တရုတ်-မြန်မာ ကုန်သွယ်မှု လျော့ကျလာစေတဲ့အချက် ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ “၃ ပေ ၁ ဂိတ်”ဟာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တိတ်ဆိတ်သွားစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုတည်းတော့ မဟုတ်ပါဘူး။

အဓိကကျတဲ့ နောက်အကြောင်းအရင်းတစ်ခုက တရုတ်ရဲ့ ကုန်ပစ္စည်း တင်သွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ဖြစ်တယ်ဆိုတာကို စုံစမ်းသိရှိရပါတယ်။

တရုတ်က ဝမ်တိန်-ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံကနေ တရုတ်ဘက် ကုန်သွင်းခွင့်တွေကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

ရှမ်းမြောက်မှာ ဒေသခံတွေဟာ အဓိက ပြောင်း၊ ကြံ၊ မီးသွေးတွေကို လုပ်ကိုင်ကြပါတယ်။ ဒါပေမဲ့ တရုတ်ဖက်က မီးသွေး၊ ပြောင်းဖူးတွေကို သူ့နိုင်ငံထဲ တင်သွင်းခွင့် ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေပဲ ဖြစ်ပါတယ်။ တရုတ်က သူ့နိုင်ငံကနေ မြန်မာနိုင်ငံဘက် အခြေခံကုန်ပစ္စည်း တင်ပို့ခွင့် ပြန်ပြုပြီဖြစ်ပေမဲ့ စစ်ကောင်စီကတော့ ၁၀၅ မိုင်ကနေ မြန်မာနိုင်ငံထဲ ကုန်ပစ္စည်းဝင်ခွင့် ပိတ်ဆို့ထားတာကို လေ့လာတွေ့ရှိရပါတယ်။

ကုန်သွယ်ရေးလုပ်သူ အမျိုးသားတစ်ဦးက “စစ်ကောင်စီက ဒီ ၁၀၅ မိုင်ကနေလာတဲ့ ကုန်ပစ္စည်းတွေဆိုရင် သူ့ဒေသထဲ ဝင်ခွင့်မပြုဘူးလေ။ ဥပမာ လားရှိုးတို့ အောက်ပြည်တို့ဆိုရင် သူတို့ ကန့်သတ်ထားတယ်။ ချင်းရွှေဟော်ကနေလာတဲ့ ကုန်ပစ္စည်းတွေဆိုရင် ရတယ်။ ဘာလို့လဲဆိုရင် သူတို့က ကိုးကန့်နဲ့ ပေါင်းထိုင်တာကို” လို့ ပြောပါတယ်။

ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်း တင်သွင်းရင် စစ်ကောင်စီရဲ့ အခွန်ချက်လက်မှတ် ရတာကြောင့် ကုန်ပစ္စည်းတွေကို အောက်ပြည်အထိ လွတ်လပ်စွာ တင်ပို့ခွင့် ရကြပါတယ်။

MNDAA ထိန်းချုပ်မှုအောက်မှာရှိတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်မှာ စစ်ကောင်စီက ကိုးကန့်နဲ့အတူ အခွန်ကောက်ယူနေတဲ့ ပြောဆိုချက်ကို ရွှေဖီမြေက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါပေမဲ့ ကုန်သွယ်ရေးသမားတွေဟာ ၁၀၅ မိုင်ရှိ ကျင်စန်းကျော့နဲ့ ပန်ဆိုင်း(ကြူကုတ်) နယ်စပ်ဂိတ်တွေကို အားမထားကြတော့ဘဲ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို အဓိက ကုန်သွယ်လာကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

“၁၀၅ မိုင်ဖက် သွားရင်တော့ ပိုနီးတယ်။ ဒါပေမဲ့ လက်နက်ကိုင်တွေ များတယ်။ အခွန်လည်း အကုန်ပေးရတယ်။ ချင်းရွှေဟော်ဆိုရင် ကိုးကန့်ပဲ ရှိတယ်ဆိုတော့ အဲဘက်ပဲ သွားကြတယ်” တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒီအချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ရေးဇုန် ၁၀၅ မိုင်မှာ ကုန်သွယ်မှု လျော့ကျလာပြီး ဒေသခံတွေဟာ စီးပွားရေး ရိုက်ခက်မှု ကြုံတွေ့လာရကာ တဖြည်းဖြည်း လူတွေပါးလာတဲ့အခြေအနေ ဖြစ်လာပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။