မိုင်းရူပ၊ နိုဝင်ဘာ ၉ ရက်၊ နမ္မတူ
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရှမ်းမြောက် လားရှိုးမြို့သို့ တိမ်းရှောင်နေကြတဲ့ နမ္မတူမြို့ခံတွေ နေရပ်သို့ ပြန်လာကြပြီလို့ သိရပါတယ်။
လားရှိုးမြို့မှာ ကျန်ရှိနေတဲ့ နမ္မတူစစ်ဘေးရှောင် ၈၀ နီးပါးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်မှာ လူမှုကူညီရေးအသင်းတွေက လာရောက်ပို့ဆောင်ခဲ့ပြီး လက်ရှိမှာတော့ လားရှိုးမှာ နမ္မတူမြို့ပေါ်က စစ်ဘေးရှောင်တချို့သာ ကျန်ရှိတော့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကား ၁၁ စီး စစ်ဘေးရှောင် ၇၆ ယောက်ကို ကျနော်တို့ လာပို့ပေးလိုက်ပြီ။ လားရှိုးမှာ မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တချို့တော့ ကျန်သေးတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ပေါ် စစ်တပ်က လေယာဉ်နဲ့ ဗုံး ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် မြို့နေလူထုတွေက စိုးရိမ်ပြီး တိမ်းရှောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးနီးပါး ရှိခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တပ်နဲ့ တအာင်းတပ်အကြား အပစ်ရပ်ပြီးနောက် နေရပ်သို့ ပြန်လာကြတာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်တပ်နဲ့ တအာင်းတပ်တို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့ သဘောတူခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။