မိုင်းရူပ၊ နိုဝင်ဘာ ၆ ရက်၊ နမ္မတူ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မိုင်းစိန်ရွာက စပါးခင်းနဲ့ စိုက်ပျိုးသီးနှံအများစု ပျက်စီးသွားတယ်လို့ ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းစိန်ချောင်းရေ တက်လာပြီး ချောင်းအနီးရှိ ရွာခံတွေရဲ့ သီးနှံစိုက်ခင်းနဲ့စပါးခင်း ရေနစ်မြှုပ်ကုန်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချောင်းအနီးရှိ ဆိုင်ခန်းတစ်ခုလည်း ရေထဲ မျှောပါသွားတယ်လို့ မိုင်းစိန်ရွာခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နေအိမ်ပေါင်း ၂၉ အိမ် စိုက်ထားတဲ့ စိုက်ခင်းတွေ အကုန်ပျက်စီးကုန်တယ်။ အသီးအရွက်တွေက ရောင်းဖို့ပဲ လိုတယ်။ ရေထဲ အကုန်ပါသွားတာ။ ဆုံးရှုံးမှု တအားများတယ်”
မိုင်းစိန်ကျေးရွာဟာ နမ္မတူ-မိုင်းဘော်လမ်းမပေါ်မှာ တည်ရှိပြီး ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ ရေအနည်းငယ် ပြန်ကျပေမဲ့ ရွှံ့နွံတွေ လမ်းမပေါ် ဖုံးကုန်တာကြောင့် ကားနဲ့ဆိုင်ကယ် ဖြတ်သန်းသွားလို့ မရသေးပါဘူး။
ဆိုင်ကယ် ဖြတ်သန်းသွားဖို့ ရွာခံတွေ ထမ်းစင်နဲ့ သယ်ပေးနေပြီး ဆိုင်ကယ်တစ်စီးကို ၄ သောင်းကျပ်အထိ ပေးရတယ်လို့ ဆိုင်ကယ်သမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပျက်စီးသွားတဲ့လမ်းကို ပြန်လည်ပြုပြင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ လာရောက် ကူညီပေးဖို့ ရွာခံတွေက တောင်းဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် နမ္မတူမြို့နယ်အပါအဝင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာလည်း ရေနစ်မြှုပ်လို့ စပါးခင်းတွေ ပျက်စီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။