လွေးထွေး၊ နိုဝင်ဘာ ၅ ရက်၊ ရွာငံ
ရှမ်းတောင် ရွာငံမြို့နယ်ထဲ တပ်စွဲထားတဲ့ ကျေးရွာတချို့မှာ ကျေးရွာတစ်ရွာနဲ့တစ်ရွာ အဝင်အထွက်လုပ်တာကို စစ်ကောင်စီတပ်က ပိတ်စို့ထားပြီး အသွားအလာလည်း စစ်ဆေးကြမ်းတမ်းနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲရွာတွေကို ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စတင်စစ်ဆေးပိတ်စို့ခဲ့ပြီး ကျန်တဲ့ကျေးရွာတွေဖြစ်တဲ့ ရနဲ၊ ချောင်းဦး၊ ကျောက်ပိဇပ်၊ တောင်ဦး စတဲ့ကျေးရွာက ဒေသခံတွေကိုလည်း ဒီလ နိုဝင်ဘာလအထိ တောတောင်ထဲသွားဖို့ ပိတ်ထားပါတယ်။
ဒေသခံအမျိုးသမီးက “ဒီဘက်မှာ စကမတွေက နေရာတကာမှာရှိတယ်။ ဒီနောက်ပိုင်းမှာ ပိုပြီး အစစ်ကြမ်းတယ်။ အမျိုးသားတွေဆို တကိုယ်လုံးကိုင်တယ်။ ကျမတို့တခြားရွာသွားရင် သူတို့(စစ်တပ်)ကို မှတ်ပုံတင် ပေးပြီးမှဝင်ရတယ်။ အဆင်မပြေဘူး။ အမြဲကြောက်နေရတယ်” လို့ ပြောပါတယ်။
အဝင်အထွက်ပိတ်ထားလို့ ဒေသခံတွေဟာ လနဲ့ချီပြီး အလုပ်ထွက်မလုပ်ရတာကြောင့် တချို့နေအိမ်တွေမှာ စားဝတ်နေရေး ပြဿနာတွေပါ စတင်ကြုံနေရကြောင်း သူမက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သူတို့တပ်စွဲထားတဲ့ ကျေးရွာတွေကိုလည်း စစ်အသုံးစရိတ်ဆိုပြီး လစဉ် ငွေတောင်းတဲ့အပြင် ရိက္ခာသယ်ဖို့အတွက် ကားနဲ့ဆိုင်ကယ်တွေကိုလည်း အလှည့်ကျ ယူသုံးနေကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၈ ရက်က ရွာငံမြို့နယ် ကျောက်ပိဇပ်ရွာက အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရပြီးနောက် အခုလို မှတ်ပုံတင်တွေ ပြန်ပြီး စစ်ဆေးနေတာဖြစ်ကြောင်း နောက်ထပ်အမျိုးသားတစ်ဦးက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။