ရွှေဖီမြေ၊ နိုဝင်ဘာ ၄ ရက်၊ မိုင်းလား
ရှမ်းအရှေ့ မိုင်းလားမြို့မှာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ခေါ် မိုင်းလား တပ်မတော်- NDAA က ကျားဖြန်ရုံမှာ ဖမ်းမိတဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NDAA က ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်မှာ မိုင်းလားမြို့ရှိ အမှိုက်မီးရှို့ကွင်းမှာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဖုန်း၊ ကွန်ပျူတာ၊ ရောက်တာ(Router) စတဲ့စက်ပစ္စည်းအမျိုးအစား အလုံး ၁ သောင်းခန့် (ခန့်မှန်းတန်ဖိုး ယွမ်ငွေ ဆယ်သိန်းခန့်)ရှိတဲ့ စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဖျက်ဆီးလိုက်တဲ့ စက်ပစ္စည်းတွေဟာ ကျားဖြန့်စခန်းတွေကို ဖမ်းဆီးရာမှာ သိမ်းဆည်းရမိခဲ့တဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒါ့အပြင် NDAA အနေနဲ့ “ကျားဖြန့်လုပ်ငန်းကို ပြင်းထန်စွာ နှိမ်နင်းသွားမည်”ဆိုတဲ့ဆုံးဖြတ်ချက်ကို ဆက်လက် လုပ်ဆောင်သွားရမယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်ကလည်း NDAA ထိန်းချုပ်တဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ရှိ တာလော့ နယ်စပ်ဂိတ်ကနေ ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၁ ဦးကို စစ်ကောင်စီတပ်က တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ NDAA က ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။