မိုင်းရူပ၊ အောက်တိုဘာ ၃၁ ရက်၊ လားရှိုး
ဒီနေ့ အောက်တိုဘာလ ၃၁ ရက်မှာ ရှမ်းမြောက် လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။
“ဆင်နှစ်ကောင်ဟိုတယ်မှာ စကစနဲ့ MNDAA ဒီနေ့ ပြန်တွေ့နေတာ။ ညနေပိုင်းအထိ အစည်းအဝေးမပြီးသေးဘူး။ သိန္နီကိစ္စဘဲ ဖြစ်ဖို့များတယ်” လို့ လားရှိုးမြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်က စစ်ကောင်စီတပ်ထံ ပြန်လွှဲပြောင်းပြီးနောက် ဆင်နှစ်ကောင်ဟိုတယ်မှာ MNDAA နဲ့ စစ်ကောင်စီတပ်အကြား မကြာခဏ တွေ့ဆုံမှုတွေရှိနေပေမဲ့ ဆွေးနွေးမှုအသေးစိတ်ကို မသိရသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာလည်း ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သတင်းတွေအရ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီက ပြန်တောင်းနေပြီး MNDAA ဘက်က လက်ခံခဲ့တာ မရှိသေးပါဘူး။
လက်ရှိ သိန္နီမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေ တိုးမြှင့်လုပ်ဆောင်နေတာ တွေ့ရပြီး သိန္နီပြည်သူ့ဆေးရုံကိုလည်း အဆင့်မြင့်ဆေးရုံအဖြစ် အသစ်ပြန်လည်တည်ဆောက်နေတာ တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့ပြီး ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလတွင် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။