ရဲမာန်၊ အောက်တိုဘာ ၂၈ ရက်၊ မလှိုင်
မန္တလေးတိုင်း မလှိုင်မြို့နယ် သက္ကယ်ကျင်းအုပ်စု ဘွက်ငယ်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူထုသတင်းကွန်ယက် မလှိုင်မြို့က ထုတ်ပြန်ထားပါတယ်။
မနေ့ အောက်တိုဘာ ၂၇ ရက် ည ၈ နာရီဝန်းကျင်မှာ မိတ္ထီလာတက် စက်တပ်လေထီး ၃ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ရွာထဲ ၃ လုံး ကျတယ်။ ကျန်တဲ့ဟာတွေတော့ ရွာအပြင်ဖက်တွေ ကျတာပါ” လို့ လူထုသတင်းကွန်ယက် မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် မိခင်နဲ့ ၁၇ နှစ်အရွယ် သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၆ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လူထုတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်ဟာ အချိန်မရွေး ကျရောက်လာနိုင်တာကြောင့် အထူးသတိရှိကြဖို့နဲ့ လူစုလူဝေး မလုပ်ကြဖို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။