လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၂၀ ရက်၊ ဘော်တွင်း
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာမှာ မိုးဆက်တိက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဘော်တွင်းက ရေချောင်းဘေးမှာနေထိုင်တဲ့ နေအိမ်တွေနဲ့ အောင်ချမ်းသာရပ်ကွက်မှာတွေမှာ မနေ့ အောက်တိုဘာ ၁၉ နဲ့ ဒီနေ့ ၂၀ ရက်မှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေချောင်းလျှံထွက်မှုနဲ့ တောင်ကျရေတွေကြောင့် ရေကြီးရေလျှံမှုနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။
“မိုးက ဆက်တိုက်မိုးရွာတာ။ ၁၉ ရယ် ဒီနေ့ရယ် ၂ ရက်ဆက်တိုက် ရေကြီးနေတာ။ တစ်ခါရေကြီးရင် နာရီဝက်လောက်ကြာတယ်။ တော်တော်ကြောက်စရာကောင်းတယ်။ အိမ်တွေတော့မပျက်စီးပါဘူး။ ဘော်တွင်းတခုလုံး ရေတွေ ဝင်ကုန်တယ်ပေါ့” လို့ ပြောပါတယ်။
မိုးဆက်တိုက်ရွာသွန်းပြီး ချောင်းရေတက်လာတာကြောင့် နေအိမ်တွေ ပျက်စီးမှုမရှိပေမယ့် ကားလမ်းတွေမှာတော့ မြေတွေပြိုကျပြီး ပျက်စီးမှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
“ကားတော့ လောလောဆယ်သွားလို့မရသေးဘူး။ ချောင်းရေတိုက်စားသွားတာ။ ချောင်းဘေးက လမ်းတွေပြိုကုန်တာ။ ဆိုင်ကယ်တော့ ရတယ်။ တော်တော်များများ ပျက်ကုန်တာ။ ကုမ္ပဏီဘက်ကတော့ သူတို့ လက်လှမ်းမှီသလောက် အားရင်ပြင်ပေးပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ နမ္မတူကနေ ဘော်တွင်းအဝင် အောင်ချမ်းသာရပ်ကွက်မှာ လမ်းအနည်းငယ် ပျက်စီးသွားတာကြောင့် ကားနဲ့ သွားလာလို့ မရသေးဘူးလို့ ပြောပါတယ်။
ဘော်တွင်းမှာ လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ်တုန်းကလည်း အခုလိုမျိုး ရေကြီးရေလျှံမှု တစ်ခါ ဖြစ်ဖူးတယ်လို့ သူကဆက်ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။