ပို့လဘား၊ အောက်တိုဘာ ၂၀ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ကားဝယ်မယ်လို့ဆိုကာ ကားမောင်းပြေးပြီး ခိုးယူသွားတဲ့ သူခိုးကို မူဆယ်မှာ ဖမ်းမိထားတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ အောက်တိုဘာလ ၁၉ ရက်မှာ ကားခိုးယူသွားတဲ့သူခိုးက မူဆယ်မြို့မှာ ကားသွားရောင်းရင်းရာကနေ ပြည်သူ့စစ်တွေက ၎င်းကို ဖမ်းမိထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူမူဆယ်ဘက်မှာ ကားသွားရောင်းတာ။ ကားဝယ်ရောင်း သူငယ်ချင်းတွေက ပြည်သူ့စစ်ကို ခေါ်ပြီး ဖမ်းခိုင်းတာ။ ကားပုံနဲ့ လူပုံ Onlineပေါ် တင်ထားလို့ Wechat group ထဲကနေတစ်ဆင့် ဖမ်းမိတာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က လားရှိုးမြို့ ရပ်ကွက် (၁၀) ရှိ တိုင်းလမ်းခွဲမှာ အမျိုးသားတစ်ဦးက ကားဝယ်မယ်လို့ဆိုပြီး ကားခိုးယူထွက်ပြေးသွားတာ ဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက် (၇) လုံလော့စျေးအနီးမှာ ကားတစ်စီး ဓားပြတိုက် လုယက်ခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။