ရွှေဖီမြေ၊ ဇန်နဝါရီ ၁၂ ရက်၊ ဆီဆိုင်
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ်ထဲ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မနေ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၃ နာရီမှာ ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ဖြီကျွတ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းတပ်မတော်- PNLO/PNLA က ဒီနေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီခန့်မှာ ထုတ်ပြန်လာပါတယ်။
PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ကြဲတဲ့အချိန်က မနေ့ညနေပေါ့နော်။ ဂျက်ဖိုက်တာနဲ့ ၅ ကြိမ် လာတယ်။ လေးကြိမ် ကြဲသွားတယ်။ ဗုံးက ၃ လုံး ပေါက်ကွဲတယ်။ တစ်လုံးက မပေါက်ဘူး။ ပေါက်ကွဲတဲ့ အလုံးထဲကနေမှ တောင်ယာကနေ ပြန်လာတဲ့ ပြည်သူတွေကို ထိတာ။ သေတဲ့သူရော ဒဏ်ရာ ရတဲ့သူရော အကုန်လုံးက အမျိုးသမီးတွေဘဲ” လို့ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ယာကနေ ပြန်လာတဲ့ ဒေသခံအမျိုးသမီး ၃ ဦးထဲမှ သားအမိ ၂ ဦး ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၄ ဒီဇင်ဘာ ၃၁ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ PNLO ရဲ့ ဌာနချုပ်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။