လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၀ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာက အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ အိမ်ခြံဝန်းထဲက မုန်ညင်းခင်း သွားလုပ်မယ်ဆိုပြီး သွားနေစဉ် နင်းမိတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတစ်ဦးက “ခြံဝန်းထဲမှာဘဲ မုန်ညင်းခင်း သွားလုပ်မလို့တဲ့သူက တစ်အိမ်နဲ့ တစ်အိမ်ကူးသွားတဲ့လမ်းသွယ်မှာဘဲ နင်းမိတာ။ ခါတိုင်းလည်း သွားနေတာပဲ အဲနေရာတော့ ဘာမှမဖြစ်ဘူး။ ဒီနေ့ဘဲ သူဖြစ်သွားတာ”
မိုင်းနင်းမိတဲ့ အမျိုးသမီးဟာ အသက် ၄၀ ကျော်ရှိပြီဖြစ်တဲ့ မနန်းဟွမ် ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းကြောင့် ဘယ်ဘက်ခြေထောက်တစ်ဖက် ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်မှာလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မိုင်းနင်းမိတဲ့ အမျိုးသမီးကို လက်ရှိမှာတော့ ပြင်ဦးလွင်မြို့က ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူဖို့အတွက် ပို့ဆောင်ထားတယ် သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း ကျောက်မဲမြို့နယ် နောင်ပြစ်နဲ့ ပါမလုပ်ရွာက ဒေသခံ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ကလေး ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။