အောက်တိုဘာ ၉ရက်
စစ်ကောင်စီတပ်ဟာ မနေ့ အောက်တိုဘာ ၈ရက်နေ့ က မိုင်းငေါ့မြို့ကို ဗုံးကြဲတိုက်ခိုက်ပြီးချိန် ကျောက်မဲနဲ့မိုင်းငေါ့လမ်းပေါ်ရှိ နမ့်မန်းရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လမ်းပေါ်ရှိ နမ့်မန်းရွာတံတား ထိခိုက်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
“ရွာပေါ်ကနေ နိမ့်နိမ့်လေးဖြတ်သွားတာ။ ရွာထဲချမယ်ထင်တာ ဖြတ်သွားပြီးတော့ ချသွားတာ။ နောက်မှ နမ့်မန်းရွာထဲလို့ သိရတယ်”လို့ နမ့်မန်းရွာအနီးရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲတံတားဟာ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်း ကျောက်မဲမြို့ကို တအာင်းတပ်က တိုက်ခိုက်ချိန် စစ်ကောင်စီဘက်က မိုင်းခွဲဖျက်စီးသွားခဲ့ဖူးတဲ့ တံတားလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့အကြား ကျောက်မဲမြို့အနီးမှာ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြိး သီပေါသွားတဲ့ လမ်းဘက်မှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
သီပေါဘက်ကို ထိုးစစ်ဆင်နေချိန် စစ်ကောင်စီတပ်က တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့နယ်အများအပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွါးနေချိန် တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ မြို့နဲ့ကျေးရွာတွေကို ဗုံးဆက်ကြဲနိုင်လို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာကြဖို့ တအာင်းတပ်ဘက်က တိုက်းတွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။