ရွှေဖီမြေ၊ အောက်တိုဘာ ၂ ရက်၊ နမ္မတူ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦး ထပ်မံ သေဆုံးသွားပါတယ်။
ဒီနေ့မနက် ၇ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် အမျိုးသမီး ၁ ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။
အဲဒီထဲမှာ ကလေးအပါအဝင် ၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ဒီနေ့မနက် ၁၀ နာရီကျော်မှာ နောက်ထပ် အမျိုးသမီး ၁ ဦး ဆေးရုံမှာ သေဆုံးခဲ့တာကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပါတယ်။
ဒါ့အပြင် လသားအရွယ် ကလေးငယ်တစ်ယောက်လည်း ဗုံးကြဲတိုက်ခိုက်တဲ့နေရာမှာတင် ပျောက်ဆုံးနေပြီး တာဝန်ရှိသူတွေက လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ဖြစ်စဥ်သိရှိသူတစ်ဦးက “ကလေးတစ်ယောက် ပြာဖြစ်သွားပြီထင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရတဲ့သူတွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်ကြောင်း သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။