မိုင်းရူပ၊ စက်တင်ဘာ ၃၀ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကျောက်မဲမြို့မှာ မြို့အနီးရှိ ခိုမုန်ကျေးရွာမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် TNLA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မြို့တွင်းကို TNLA ဘက်က ဆက်လက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
“တိုက်ပွဲက ခိုမုန်းရွာအနီးမှာ ဖြစ်နေပါတယ်။ စခန်းသာနဲ့ မိုင်းတင်းရွာကြား ပင်တီမှာလည်း ဖြစ်နေပါတယ်။ စစ်ကောင်စီက ရှေ့ထပ်တိုးနိုင်တာတော့ မရှိသေးဘူး” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဟာ ကျောက်မဲမြို့ပေါ်နှင့် ၃ မိုင်ဝန်းကျင်လောက်သာ ကွာဝေးထားတာကြောင့် ကျောက်မဲမြို့ကို TNLA ဘက်က ရေရှည်ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပေမယ့် TNLAဘက်ကတော့ ဆက်လက်ခုခံနေဆဲ ဖြစ်ပါတယ်။
ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ ၁ လခွဲကြာရှိလာပြီး ၂ ဖက်အကြား ထိခိုက်သေဆုံးမှုလည်း များပြားခဲ့ပါတယ်။
ကျောက်မဲမြို့ကို စစ်တပ်အောက် ရောက်သွားရင် ကျောက်မဲ–မိုးကုတ်၊ ကျောက်မဲ–နမ့်ဆန်နဲ့ ကျောက်မဲ–သီပေါဘက်ကို စစ်ကောင်စီဘက်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တဲ့ စစ်မျက်နှာကို TNLA ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။