By မိုင်းရူပ၊ ရွှေဖီမြေ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ခိုမုန်းကျေးရွာဟာ ကျောက်မဲမြို့ပေါ်နဲ့ ၃ မိုင်ကျော်အကွာ တည်ရှိပြီး ကျောက်မဲမြို့ကို လက်မလွှတ်ရရေး တအာင်းတပ်ဘက်က လက်ရှိအချိန်အထိ ခုခံနေဆဲ ဖြစ်ပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ စခန်းသာကျေးရွာလမ်းခွဲကနေ ကျောက်မဲ – မိုးကုတ်သွားလမ်း မိုင်းတင်းကျေးရွာဘက်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီ ကျောက်မဲမြို့ထဲ မဝင်နိုင်တော့ TNLA က ဆက်လက် ခုခံနေတယ်။ အခုထိလည်း တိုက်ပွဲက ဆက် ပြင်းထန်နေတယ်”

စစ်ကောင်စီတပ်ဟာ စခန်းသာကျေးရွာကနေ လမ်းမကြီးအတိုင်း ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို မိုင်းတင်းဘက်ကနေ ကျောက်မဲမြို့ကို ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

မိုင်းတင်းကျေးရွာဟာ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ဘက်ထိန်းချုပ်ထားတဲ့ ကျေးရွာဖြစ်ပြီး မနေ့ စက်တင်ဘာ ၂၈ ရက်မှာ မိုင်းတင်းကျေးရွာအနီးရှိ တအာင်းတပ်ရဲ့ ဂိတ်မှာ ကျေးရွာခံတချို့က ဂိတ်မချဖို့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

မနေ့နေ့လည်ပိုင်းမှာပဲ တအာင်းတပ်ဘက်က အဲဂိတ်ကနေ ဆုတ်ခွာပေးခဲ့ပြီး တအာင်းတပ်ရဲ့ ဂိတ်ကို ကျေးရွာခံတွေ ဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

လက်ရှိအချိန်အထိ ကျောက်မဲမြို့ပေါ်ကိုတော့ တအာင်းတပ်မတော်ဘက်က ဆက်လက်ထိန်းချုပ်ထားဆဲတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။

တအာင်းတပ်ဘက်ကတော့ ကျောက်မဲမြို့အနီး လုံဝယ်၊ တောင်ဆေးလိပ်နဲ့ စခန်းသာကျေးရွာတွေမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ မနေ့ စက်တင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းမိတဲ့ TNLA တပ်ဖွဲ့ဝင်ကို ခေါင်းဖြတ်ပြီး ဒရုန်းနဲ့ ပြန်ချပေးတဲ့ ကြောက်စိတ်သွင်းစစ်ဗျူဟာ

နောင်ချိုကနေ ဂုတ်ထိပ်ချောင်းကနေတစ်ဆင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ထိန်းချုပ်ထားတဲ့ ထန်းပင် – နောင်ပိန်လမ်းကြောင်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတာ တစ်လကျော် ကြာခဲ့ပါပြီ။

စစ်ကောင်စီတပ်နဲ့ TNLA အကြား ထန်းပင်နဲ့ နောင်ပိန်ကျေးရွာကြားမှာ တိုက်ပွဲပြင်းထန်နေချိန် TNLA တပ်ဖွဲ့ဝင်တချို့ကို စစ်ကောင်စီဘက်က အရှင်ဖမ်းမိတာ ရှိခဲ့တယ်လို့ ရှေ့တန်းမှာရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရတဲ့ TNLA တပ်ဖွဲ့ဝင်တစ်ဦးရဲ့ အပြောအရ ဖမ်းမိတဲ့ TNLA တပ်ဖွဲ့ဝင်ကို ခေါင်းဖြတ်သတ်ပြီး စစ်ကောင်စီဘက်က TNLA တပ်ဖွဲ့ဝင်ရှိရာကို ဒရုန်းနဲ့ ပြန်လာချပေးကာ ကြောက်စိတ်သွင်းတဲ့ နည်းဗျူဟာတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

“ဒရုန်းဗုံးသီးချတာထင်တာ။ ကျလာတော့ မကွဲဘူး။ ဆာလာအိတ်ထဲမှာ ထည့်ထားတာ။ အဲတာနဲ့ ကျနော် အိတ်ကို ဖွင့်ကြည့်တော့ အဖမ်းခံရတဲ့ ကျနော်တို့ လူခေါင်း ဖြစ်နေတာ”

ဒါ့အပြင် စစ်ကောင်စီဘက်က ကျောက်မဲတိုက်ပွဲမှာ ဒရုန်းတိုက်ခိုက်မှုတွေကို အဓိက အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိသူတွေက ပြောပါတယ်။

TNLA တပ်ရှိတဲ့ နေရာကို ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်ကာ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ဗျူဟာကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအချိန်ကြာလာတာကြောင့် လက်နက်ခဲယမ်း မမျှတမှု၊ စစ်အင်အား အကန့်အသတ်ဖြစ်လာမှုနဲ့ စစ်ပွဲပန်းလာမှုတွေကြောင့် စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံကာကွယ်ဖို့ TNLA ဘက်မှာ အခက်အခဲရှိတယ်လို့ စစ်ရေးအကဲဖြတ်တွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၅၀၁၊ ၅၀၂ အပါအဝင် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အမှတ် ၁၂ တို့ကို TNLA က တိုက်ခိုက်သိမ်းနိုင်ခဲ့ပြီး ကျောက်မဲမြို့ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ နေရာလည်း ဖြစ်ပါတယ်။

ကျောက်မဲ – မိုင်းလုံ – မိုးကုတ်ဘက်လည်း သွားနိုင်သလို ကျောက်မဲ – မိုင်းငေါ့ – နမ့်ဆန်၊ ကျောက်မဲ – သီပေါနဲ့ ကျောက်မဲ – ရှမ်းတောင်ရပ်စောက် လမ်းကြောင်းတွေကို ဆက်သွယ်ထားပြီး စစ်ရေးအပါအဝင် စီးပွားရေးအရလည်း အချက်အခြာကျပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် အောက်ရောက်သွားရင် ကျောက်မဲ – မိုးကုတ်၊ ကျောက်မဲ – နမ့်ဆန်နဲ့ ကျောက်မဲ – သီပေါဘက်ကို စစ်ကောင်စီဘက်က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဟာ လားရှိုး – မန္တလေး ပြည်ထောင်စုလမ်းကို ပြန်ထိန်းချုပ်ဖို့ သီပေါမြို့ဘက်ကို ဆက်လက် ထိုးစစ်တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။

အမွဲသိမ်းမယ့် ကျွဲဂိမ်း

အလွှာပေါင်းစုံသော လူထုအတော်များများသည် စလော့ဂိမ်းများဖြင့် ပတ်သက်ဆက်စပ် ရင်းနှီးနေကြသည်။