လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၂၈ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာက အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးကို မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး ကိုးကန့်တပ်- MNDAA က ဖမ်းဆီးပြီး ထောင်ဒဏ် ၄ လ ချမှတ်ခဲ့တယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့က ပြီးခဲ့တဲ့ မေလက မယ်ဟန်ရွာထဲ ဝင်လာပြီး အဲဒီကလေးကို ရိုက်နှက်ခဲ့ပြီးနောက် ကြိုးနဲ့ချည်ကာ ဖမ်းဆီးခေါ်ဆောင်သွားတာပဲ ဖြစ်ပါတယ်။
“သူတို့လာဖမ်းတဲ့ရက်တော့ မမှတ်မိဘူး။ ည ၉ နာရီလောက်ဖြစ်မယ် သူတို့ဝင်လာတာ။ မူးယစ်ဆေး သုံးတယ်ဆိုပြီး ပြောတယ်။ မသုံးဘူးပြောလည်း မရဘူး ခေါ်သွားတာဘဲ။ သူတို့ဖမ်းတဲ့ညက အိမ်ကလူတွေတောင် မသိဘူး။ သေနတ်ဒင်တွေနဲ့ ရိုက်တယ်။ လက်ထိပ် ခတ်တယ်။ ပြီးတော့ ခြေထောက်လည်း ခြေခတ်ပြီး ဖမ်းသွားတာ” ဆိုပြီး ၎င်းနီးစပ်သူက ပြောပါတယ်။
ကိုးကန့်တပ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အဆိုပါကလေးဟာ ၁၆ နှစ်အရွယ် မိုင်းအဆီဆိုသူဖြစ်ပြီး သူ့ကိုတော့ လားရှိုးမြို့နယ် အီနိုင်းရွာမှာရှိတဲ့ ကိုးကန့်တပ်ရဲ့ထောင်မှာ ၁ လနဲ့ သိန္နီထောင်မှာ ၃ လ ထောင်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ထောင်ဒဏ် ၄ လ ချတယ်။ အီနိုင်းမှာ ၁ လ ထားတယ်။ ပြီးတော့ သိန္နီဘက် ပြောင်းရွှေ့တာ။ အဲမှာလည်း ၃ လ ထောင်ထဲမှာဘဲ။ ထောင်ထဲမှာဆို အလုပ်တွေ လုပ်ရတယ်။ ခြံတွေ ပေါက်ရတယ်။ နားလို့ မရဘူး။ နားရင် မြက်နှုတ်ခိုင်းတာ။ ထောင်မှာ ၄ လ ချပြီး စစ်သား လုပ်ခိုင်းတာ။ ၁၅ ရက်လောက်ဘဲ ရှိသေးတယ်။ သူမလုပ်ချင်လို့ ထွက်ပြေးလာတာ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်မှာလည်း ကိုးကန့်တပ် ထိန်းချုပ်တဲ့ သိန္နီမြို့နယ်ထဲက တရုတ်စာ သင်ကြားပေးနေသူ ဆရာမတစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ ၂ ဦးကို ကိုးကန့်တပ်က သေဒဏ် စီရင်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။