လွေးဇွန်မိုး၊ စက်တင်ဘာ ၂၇ ရက်၊ ကျောက်မဲ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၆ လုံးဝန်းကျင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ပန်သပြေ ဘုန်းကြီးကျောင်း ဗုံး လာကြဲသွားတယ်။ ဘုန်းကြီးတွေက ပန်ဖျက်ကျောင်း ခဏ သွားလည်တာ။ ကိုရင်တွေက ရွာထိပ်လမ်းမှာ အလှူခံနေတော့ လွတ်သွားတာ။ နေအိမ် တော်တော်များများ ပျက်စီးတယ်။ ထိသွားတဲ့ ကျောင်းအောက်မှာ ကျောင်းဖွင့်ထားတာလေ။ တော်သေးတယ် ကလေးတွေ ကျောင်းဆင်းသွားလို့”
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း စစ်တပ်က ပန်သပြေနဲ့ ပန်ကွမ်ရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
အလားတူ မနေ့ စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီခွဲမှာလည်း ကျောက်မဲမြို့အနီး ပါပုတ်ရွာထဲ စစ်တပ်က ဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၃ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ပင်ပေါရွာဘက်ကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။