ယာရူစိင်၊ စက်တင်ဘာ ၂၆ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်းထပ်မံတွေ့ပြီး တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ်ရှိပြီး လားရှိုးမြို့ ရပ်ကွက် ၅ နယ်မြေ ၁၁ ရှိ ခြံဝင်းအလွတ်ထဲမှာ မနေ့ စက်တင်ဘာ ၂၅ ရက်က တွေ့ရှိတာပါ။
“အလောင်းတော့ ကြည့်ရသလောက် ဆေးသမားဖြစ်ဖို့များတယ်။ အလောင်းရဲ့ ဘေးမှာဆိုလည်း အရက်ပုလင်းတွေ ဆေးထိုးအပ်တွေကအစ ရှိတယ်။ အဲလိုတော့ သုံးသပ်လို့ ရတာပေါ့။ ဒီစက်တင်ဘာလထဲမှာတင် ၃ လောင်းရှိပါတယ်။ ခဏခဏတွေ့နေရတယ်။ တချို့အလောင်းတွေဆို လိုင်းပေါ်မတက်တာကြောင့် မသိကြတာလေ”လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အလောင်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၂၆ ရက်အထိ မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်း ပိုများလာပြီး ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပြီ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။