ပို့လဘား၊ စက်တင်ဘာ ၂၄ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ် မူဆယ်နဲ့နမ့်ခမ်းလမ်းမပေါ်ရှိ မူဆယ်မြို့နယ် မန့်စန်ကျေးရွာမှာ ရှမ်းပြည်တိုးတက် ရေးပါတီ – SSPP တပ်က ဂိတ်ဖွင့်လှစ်ထားပြီး ကုန်ကားသမားတွေဆီကို ငွေ အဆမတန်ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နဲ့ ၂၂ ရက် ညနေ ၆ နာရီဝန်းကျင်မှာ SSPPတပ်သား အယောက် ၅၀ နဲ့ မူဆယ်မြို့နယ် မန်ဟိုင်းအုပ်စု မန့်စန်ကျေးရွာမှာ ဂိတ်လာချထားတာဖြစ်ပြီး ကုန်ပစ္စည်းနဲ့ ကျွဲနွားတင်တဲ့ ကုန်တင်ကားတွေကိုလည်း တရုတ်ငွေ ယွမ် ၁၀၀ ကနေ ၈၀၀(ကျပ်ငွေ ၄သိန်းကျော်) အထိ ကောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဟိုတစ်နေ့ညနေမှာ နမ့်ခမ်းဘက်ကနေ စယ်လန့်ဘက် ကျွဲတင်လာတဲ့ကားကို သူတို့ကတရုတ်ငွေ ၈၀၀တောင်းတယ်။ ကျွဲနဲ့နွား ၈ ကောင်တင်လာတယ်ဆိုပြီး တစ်ကောင်ကို ယွမ်၁၀၀ နဲ့ ယူတယ်။ ကုန်ပစ္စည်းဆိုရင် ၆သောင်း၊ ၇သောင်းကောက်တယ်။ သူတို့တောင်းတဲ့ငွေ မပေးရင် အဲနားမှာ သူတို့ပေးမဖြတ်ဘူး။ ကြားတာတော့ အဲဒီအခွန်ကောက်တဲ့ကိစ္စကို သူတို့အထက်ကလူကြီးတွေ လွှတ်လာပြီး ကောက်ခိုင်းတာလို့ ကြားတာပဲ။ ပြီးရင် ဖြတ်ခ ယွမ်၂၀ ယူသေးတယ် “လို့ ပြောပါတယ်။
ကောက်ခံတဲ့အခွန်ငွေပမာဏများနေတာကြောင့် SSPP ဘက်က နေ့စဉ်ပုံမှန် အခွန်ကောက်နေတဲ့အပေါ်မှာ လျှော့ပြီး ကောက်ပေးစေချင်တယ်လို့ ကားသမားတွေ တောင်းဆိုနေကြပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း မူဆယ်မြို့ ၁၉ ရွာကနေ အဲဒီမန့်စန်ကျေးရွာဘက်ကို တပ်သား ၁၀ ဦးထက်မနည်း ထပ်မံလာပို့ပေးတာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကလည်း နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ SSPP တပ်က ဆန်စက်ရုံတွေကို တစ်နှစ်စာအတွက်ဆိုပြီး ဆန် ၆ အိတ်တောင်းခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။