ယာရူစိင်၊ စက်တင်ဘာ ၂၂ ရက်၊ သပိတ်ကျင်း
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က မနေ့ စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ စက်တင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာကို စစ်ကောင်စီတပ်က Y12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“မနေ့ စက်တင်ဘာ ၂၁ ရက်မှာတင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတွေ သေဆုံးခဲ့ရသလို ဒဏ်ရာရသူလည်း အများအပြားရှိခဲ့ပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုပါ”လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာ ၂၁ ရက်မှာဘဲ စဉ့်ကူးမြို့နယ် နဂါးမောက်တောင်ပေါ်ကို နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီခွဲမှာလည်း ဥက္ကံရွာအနီးရှိ ဝပ်ရှော့လ်ဆိုင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၀ အရွယ် ဦးဝင်းနဲ့ ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြာနဲ့ ညောင်ပင်သာရွာကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီး ၄၀ ကြဲချခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။