ပို့လဘား၊ စက်တင်ဘာ ၁၉ ရက်၊ နောင်ပြစ်
ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲကြောင့် တောထဲထွက်ပြေးတိမ်းရှောင်နေရတဲ့ အသက် ၄၀ ဝန်းကျင်ရှိတဲ့ စိုင်းကျော်သိန်းဟာ မနေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီက နေရပ်ပြန်လာနေကြတဲ့အချိန်မှာ ၎င်းရဲ့ အိမ်ဝင်ပေါက်နားမှာ မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့က သူခိုးတအားဝင်လို့ အိမ်ပြန်ခွင့်တောင်းတာ။ ဝင်နေခွင့်တော့ရပါပြီ။ ကျွန်တော်တို့က စရိတ်လဲပျက် သူခိုးလဲကြောက်တာဆိုတော့ ကိုယ့်အိမ်ကို စိတ်မချတာနဲ့ အများကြီးအိမ်ပြန်ကြတယ်။ သူက အိမ်အဝင်ပေါက်မှာတင် နင်းမိတာ။ ညာဘက်ခြေထောက်ပြတ်သွားတယ်။ မနေ့ညကတော့ သူ့ကို ခဲလုံရွာမှာ ယူသွားတာ။ ဒီနေ့မနက်မှာပဲ ဘေးတွဲဆိုင်ကယ်နဲ့နောင်ချိုထိပို့ပေးပြီး ပြင်ဦးလွင်ဆေးရုံမှာ ပို့ပေးလိုက်တယ်” လို့ ပြောပါတယ်။
အဆိုပါ မိုင်းနင်းမိတဲ့ စိုင်းကျော်သိန်းဟာ ညာဘက်ခြေထောက်ပြတ်ပြီး လက်ရှိမှာတော့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာမှာလည်း ဒေသခံတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရပြီး နေအိမ်ရှိပစ္စည်းတွေကိုလည်း ခိုးယူခံနေတယ်လို့ သိရပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး နောက်ထပ်ကလေး ၅ ဦးအပါအဝင် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။