ယာရူစိင်၊ စက်တင်ဘာ ၁၈ ရက်၊ ပေါက်တော
ရခိုင်ပြည် ပေါက်တောမြို့နယ် မင်းတဲရွာဘက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်တောမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၇ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ စစ်တွေကမ်းခြေ နားမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၄၀ ကျော်ကို ပစ်ခတ်လိုက်တာ ဖြစ်ပါတယ်။
“မင်းတဲကျေးရွာ မြစ်ကမ်းအနီး နတ်ကျောက်တောင်နားမှာ ကျရောက်ပေါက်ကွဲတာပါ။ အဲဒီ နတ်ကျောက်တောင်အောက်မှာ ဂုံးရှာဖွေနေတဲ့ အမျိုးသမီးကို ထိသွားတာပါ။ ဒဏ်ရာရတာက ဘယ်ဖက် ရင်သားဘက်မှာ ထိတာ။ ဒဏ်ရာက တော်တော် ပြင်းထန်တယ်” လို့ ပေါက်တောမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်တောမြို့နယ် မင်းတဲရွာက အသက် ၂၅ နှစ်အရွယ် မလှ သန်းနု က ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက် ည ၇ နာရီ ၄၃ မိနစ်မှာလည်း စစ်တပ်ဟာ စစ်သင်္ဘောကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်လိုက်တာကြောင့် ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာထဲရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။