မိုင်းရူပ၊ စက်တင်ဘာ ၁၇ ရက်၊ ကျောက်မဲ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နဲ့ ၁၀ မိုင်ဝန်းကျင်အကွာ နားအိုက်ခန့်ရွာအထိ ရောက်ရှိလာပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီနေ့ (စက်တင်ဘာ ၁၇ ရက်) နေ့လယ်ပိုင်း နားအိုက်ခန့်ရွာအထိ ရောက်လာပြီ။ ရွာထဲမှာတော့ တိုက်ပွဲ ဆက်ပြင်းထန်တယ်။ ရွာတစ်ခုလုံး ထိန်းချုပ်နိုင်တာတော့ မဟုတ်သေးဘူး” လို့ ဆိုပါတယ်။
နားအိုက်ခန့်ကျေးရွာဟာ အိမ်ခြေရာ ချီတဲ့ရှိတဲ့ ရွာကြီးဖြစ်ပြီး နောင်ချို–ကျောက်မဲလမ်းမပေါ်မှာ တည်ရှိကာ နားအိုက်ခန့်ကျေးရွာနဲ့ ကျောက်မဲမြို့ကြားမှာ စခန်းသာနဲ့ ခိုမုန်းရွာ အပါအဝင် ရွာ ၄ ရွာ ကျန်ရှိတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတာ ၁ လနီးပါး ကြာရှိလာပြီး စစ်ကောင်စီထိုးစစ်ကို တအာင်းတပ်ဘက်က ဆက်လက် ခုခံနေဆဲ ဖြစ်ကာ နောင်ပိန်၊ ပင်တိန်၊ ခိုက်တုန်ဟုန်းနဲ့ နားအိုက်ခန့် စတဲ့ ကျေးရွာတွေထိ စစ်ကောင်စီတပ်တွေ ရောက်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဂုတ်တွင်း–နောင်ပိန်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဂုတ်တွင်းအနီးရှိ နောင်ပစ်ကျေးရွာမှာ တိုက်ပွဲ ဆက်ပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်မဲနဲ့ သီပေါမြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပမဲ့ နယ်မြေထဲ ထည့်သွင်းထားပြီး ရွေးကောက်ပွဲမတိုင်ခင် အဲဒီမြို့နယ် ၂ ခုကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ကျောက်မဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ TNLA ဘက်က တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။