ပို့လဘား၊ စက်တင်ဘာ ၁၃ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းကျေးရွာမှာ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေရဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၂ ရက် ည ၆ နာရီခွဲကနေ ၉ နာရီဝန်းကျင်အထိ ခိုက်တုန်ဟုန်းရွာနဲ့ အနီးအနားကို စစ်ကောင်စီတပ်က Y- 12 လေယာဉ်အသုံးပြုပြီး ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ လက်နက်ကြီးတွေလည်း ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“တုန်ဟုန်းရွာအနီးအနားမှာ သူတို့လာပစ်တာ။ အလုံးရေကတော့ ၅၀၊ ၆၀ လောက်ရှိမယ်။ မရေတွက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ လေယာဉ်နဲ့ လာချသွားတော့ ဒုန်းဒုန်းအသံတွေ ပဲဆက်တိုက်ကြားနေရတော့ ဘယ်လိုမှ အလုံးရေ မသိနိုင်ဘူးလေ” လို့ ပြောပါတယ်။
အလားတူ ကျောက်မဲမြို့ ကောင်းမူးလျန်ရွာနဲ့ ငြိမ်းချမ်းရေးကုန်း ဂိတ်အနီးမှာလည်း မနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က Y-12 နဲ့ ဗုံးအလုံးရေ ၃၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းမှာလည်း ဇီးပင်ရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်ပွားနေရာတွေကိုလည်း Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
TNLA ဘက်က နောင်ပိန်နဲ့ ပင်တိန်ကျေးရွာကို လက်လွတ်ခဲ့ရပေမယ့် စစ်ကောင်စီထိုးစစ်ကို အဆင့်ဆင့် ခံစစ်ပြင်ကာ ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲဟာ ဆက်လက် ပြင်းထန်လာနိုင်တဲ့ အခြေအနေလို့ ရှေ့တန်းမှာ ရှိနေသူတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။