မိုင်းရူပ၊ စက်တင်ဘာ ၁၁ ရက်၊ သပိတ်ကျင်း
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာကို စစ်ကောင်စီက Y-12 နဲ့ ဗုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၃ နာရီ ၄၁ မိနစ်ကနေ ညနေ ၄ နာရီခွဲအထိ ၇ မိုင်ကျေးရွာအနီးရှိ လမ်းလယ်ကျစ်ရွာထဲကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံး ၃၄ လုံး ကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရှေ့တန်းစစ်မြေပြင်ကို ကြဲတာဗျ။ အရပ်သား ထိခိုက်တာ မရှိဘူး။ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတယ်” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လမ်းလယ်ကျစ်ကျေးရွာဟာ ၇ မိုင်ကျေးရွာနဲ့ ၂ မိုင်အကွာမှာ တည်ရှိပြီး တော်လှန်ရေးတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကစပြီး မန္တလေး–မိုးကုတ် လမ်းပိုင်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့ဘက်ကနေ ဇရပ်ကွင်းကျေးရွာဘက်ကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇရပ်ကွင်းကျေးရွာအနီးရှိ ကျေးရွာတွေနဲ့ ၇ မိုင်ဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။
စစ်ကောင်စီက ထိုးစစ်ကြောင့် ဇရပ်ကွင်းကျေးရွာခံအပါအဝင် ရွှေမွှေးချောင်း၊ ၄ မိုင်၊ ၆ မိုင်၊ နဲ့ ရေပူလယ်တီ စတဲ့ ကျေးရွာက ဒေသခံ ၅ ထောင်ကျော် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ တအာင်းတပ်မတော်–TNLA အပါအဝင် မိုးကုတ်ဗျူဟာ၊ မန္တလေး PDF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ–NUG လက်အောက်ခံတပ်တွေက စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။