ရွှေဖီမြေ၊ စက်တင်ဘာ ၁၀ ရက်၊ တောင်ကြီး
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လူမှုကွန်ယက်ပေါ်မှာ ဆန့်ကျင်ကြောင်း ရေးသားတယ်ဆိုတဲ့ ရှမ်းတောင် တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီက မနေ့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်မှာ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် (၁) မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဆိုသူဟာ ၎င်းအသုံးပြုတဲ့ “Lashio Baegyi” အကောင့်ကနေ လားရှိုးမြို့ ရပ်ကွက် (၅) မှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်မှုမှာ စစ်ကောင်စီက အရေးမယူနိုင်တဲ့အပေါ် ဝေဖန်ရေးသားခဲ့တာ ဖြစ်ပါတယ်။
“Lashio Baegyi” အကောင့်ရဲ့ ရေးသားချက်ထဲမှာ “မဲပေးဖို့ ချည်း ဇွတ်ပြောပြီ။ မင်းတို့က ဘာကောင်တွေလဲ။ စောက်လုံးပါရင် သေချာကြည့်။ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုမလဲ စဉ်းစား။ အလကားနေလို့ ဘာမှ စောက်ဖြစ်မရှိဘဲ ပြည်သူဆီက မဲလိုချင်ရင်တော့…” စတဲ့ စာသားတွေကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ရေးသားပြီးနောက် “Lashio Baegyi” အကောင့် သုံးစွဲသူ ကိုနေသွေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂ ပတ်ကျော်အကြာမှာ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ ပုဒ်မ (၂၃)(က) အရ တောင်ကြီးမြို့နယ် တရားရုံးက သူ့ကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုနေသွေးဟာ လားရှိုးမြို့မှာ နေထိုင်သူဖြစ်ပြီး လားရှိုးမြို့ပေါ်က တိုက်ပွဲတွေကြောင့် တောင်ကြီးဘက်ကို တိမ်းရှောင်နေသူဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို နှောင့်ယှက်၊ ဟန့်တား၊ ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို စစ်ကောင်စီမှ ထုတ်ပြန်ခဲ့ပြီး အဲဥပဒေဟာ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။