စက်တင်ဘာ ၉ရက်၊ ကျောက်မဲ
ဒီနေ့ စက်တင်ဘာ ၉ရက်နေ့ မနက်အစောပိုင်း ၁နာရီ ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ကျောက်မဲနယ်ထဲကို စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ပစ်သွားတာကတော့ ကျောက်မဲ-သီပေါလမ်းမပေါ်က နားခေါ်ရွာကို ပစ်သွားတာ။ အထိခိုက်တော့ မကြားရသေးဘူး။ အဲနေရာနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေက မဆိုင်ဘူး။ ရမ်းသမ်းပြီး လာပစ်သွားတာ”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ကျောက်မဲနယ်က နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်း မကြာခဏဖြစ်ပွါးခဲ့ပါတယ်။
အဲလေကြောင်းတိုက်ခိုက်မှုတွေဟာ ဘာသာရေးအဆောက်အဦးနဲ့စာသင်ကျောင်းတွေကို အဓိကထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကျောက်မဲနယ်ထဲက ကွန်စလမ်း၊ပန်သပြေ၊ပန်ကွမ်နဲ့မိုင်းလုံနယ်ထဲက ပန်သပြေရွာတွေထဲက ဘုန်းကြီးကျောင်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတွေနဲ့သီလရှင်တွေလည်း သေဆုံးတာတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာလည်း နောင်ပိန်ကျေးရွာအနီးမှာ စစ်ကောင်စီဘက်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေခံဒရုန်း၊လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။