ပို့လဘား၊ စက်တင်ဘာ ၅ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ကျန်ကျေးရွာက အမျိုးသားတစ်ဦးကို ကိုးကန့်တပ်မတော် MNDAA က ရိုက်နှက်ခဲ့တာကြောင့် ဗိုက်ခွဲလိုက်ရတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ကျန်ကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဦးအိုက်ကျမ်ဆိုသူကို ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်မှာ ကိုးကန့်တပ်ဖွဲ့က သူတို့ရဲ့ ရွာအဝင်မှာပဲ အကြောင်းပြချက်မရှိ ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ ရွာခံအမျိုးသားတစ်ဦးက “ကိုးကန့်တပ်တွေက သူ့ကို ကန်လို့ သူဗိုက်ရဲ့အထဲမှာ အဖုအယောင်တွေပဲ။ သူ့ဗိုက်ပြန်ခွဲရတာ။ သူ့တို့ရိုက်တဲ့အချိန် သူ့အစ်ကိုက သူ့ကိုအဲလောက်မရိုက်ဖို့ ဝင်တားတော့ သူ့အစ်ကိုရဲ့ ပါးလည်း ပြန်ရိုက်တာ” လို့ ပြောပါတယ်။
လက်ရှိမှာ ရိုက်နှက်ခံထားရသူ ဦအိုက်ကျမ်က လားရှိုး ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကိုးကန့်တွေက သူတို့ကို ပိုက်ဆံ ၁၀သိန်းပေးပြီး ဒီကိစ္စ ပြီးလိုက်တယ်။ အခု သူဆေရုံမှာပဲ ရှိသေးတယ်။ သူ့ဒဏ်ရာတော့ နည်းနည်းသက်သာပြီ။ စကားလည်း ထပြောနိုင်ပြီ” လို့ အထက်က ရွာခံက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း နမ့်ကျန်ရွာက အသက် ၂၇ နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသားတစ်ဦးကိုလည်း ကိုးကန့်တပ်တွေက နေအိမ်အထိ ဝင်လာပြီး ရိုက်နှက်ခဲ့တာ ရှိတယ်လို့ နမ့်ကျန်ရွာခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မန်တုံကျေးရွာက ဒေသခံ ၃ ဦးကို ထင်းခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုးကန့်တပ်တွေက ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။