လွေးဇွန်မိုး၊ စက်တင်ဘာ ၄ ရက်၊ ကျောက်မဲ
ဒီနေ့ စက်တင်ဘာ ၄ ရက် တစ်ရက်ထဲမှာတင် စစ်ကောင်စီတပ်က တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ – မိုးကုတ်လမ်းပိုင်းပေါ်ရှိ ကျေးရွာ ၂ ရွာကို ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ပန်ကွမ်ရွာနဲ့ ၁၂ နာရီ ခွဲဝန်းကျင်မှာ ကျောက်မဲ – မိုးကုတ် လမ်းပိုင်း ကျောက်မဲမြို့နယ် ပန်သပြေရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပန်သပြေရွာမှာ လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၂ နှစ်အရွယ် ယာမယ်အွန်ရဲ့ ခါးမှာ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပထမတစ်ခါက ဗုံးနဲ့ လာကြဲသွားတာ။ ဒုတိယတစ်ခေါက်ကျတော့ လေယာဥ်ကျည် သူတို့ ပွိုင့်ဖိုက်နဲ့ လာပစ်သွားတဲ့ ပုံစံပဲဗျ။ လူတစ်ယောက် ထိတယ်ဗျ။ ခါးနားလေး ထိတာ”
ဗုံးကြဲမှုကြောင့် ပန်သပြေရွာ စာသင်ကျောင်းနဲ့ ရွာထဲက နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဒီနေ့မနက် ၁၀ နာရီမှာလည်း ကျောက်မဲမြို့နယ် ပန်ကွမ်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စေတီတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပန်ဖြတ်၊ ပန်သပြေနဲ့ ပန်ကွမ်က ဒေသခံတွေဟာ တောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကနေ ၃၀ ရက်အထိ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တအာင်းတပ် TNLA ထိန်းချုပ်ဒေသက ကလေး ၅ ဦး အပါအဝင်အရပ်သား ၅၇ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ၅ ဦး၊ အမျိုးသမီး ၁၉ ဦး၊ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး အမျိုးသား မသိရသူ ၂၂ ဦး ပါဝင်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။