ပို့လဘား၊ ဩဂုတ် ၂၅ ရက်၊ ကျောက်မဲ
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် လုံကြိမ်ကျေးရွာမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံကြိမ်ကျေးရွာ ကျောင်းကုန်းဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က မနေ့ ဩဂုတ်လ ၂၄ ရက်မှာ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ပေါင် ၅၀၀ လို့ ပြောတာပဲ။ အဲကျောင်းမာ ဒေသခံတွေလည်း ရှိတယ်။ စစ်ရှောင်တွေလည်း ရှိတယ်။ သိပ်တော့ မများဘူးပေါ့။ တချို့သူတွေက အဲဘုန်းကြီးကျောင်းမှာပဲ လာရှောင်နေကြတယ်”လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးက ပြောပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၃ ရက်မှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ နောင်ပိန်ရွာ ရထားလမ်းအထိ ရောက်လာပြီး အခက်အခဲကြောင့် စစ်မရှောင်နိုင်ပဲ နောင်ပိန်ရွာထဲ ကျန်နေတဲ့ ရွာခံအမျိုးသားတစ်ဦးကို စစ်တပ်ဘက်က ပစ်သတ်သွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပဲ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်မှာလည်း နောင်ပိန်ရွာက ကလေးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။