မိုင်းရူပ၊ သြဂုတ် ၂၄ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှာ သေဆုံးမှုများ ဖြစ်ပေါ်သလို စစ်အင်အားတွေကိုလည်း ထပ်ဖြည့်တင်းနေတယ်လို့ သိရပါတယ်။
မြေပြင်သတင်းတွေအရ စစ်ကောင်စီတပ်ဟာ နောင်ပိန်တိုက်ပွဲအတွင်း ထိခိုက်မှုများခဲ့ပြီး သြဂုတ် ၂၃ ရက်နေ့တွင် အထက်ရဲရွာဘက်ကနေ စစ်ကား ၄ စီးဖြင့် နောင်ပိန်ကျေးရွာဘက်ကို စစ်အင်အား ထပ်ဖြည့်တင်သွင်းထားတယ်လို့ ရှေ့တန်းစစ်မြေပြင်ရှိ တပ်သားများက ဖော်ပြပါတယ်။
ဒီနေ့ ဩဂုတ် ၂၄ရက် နေ့လည်ပိုင်းအထိ တိုက်ပွဲတွေဟာ နောင်ချို–ကျောက်မဲ ပြည်ထောင်စုလမ်းမကြီးပေါ် နောင်ပိန်ရွာလမ်းခွဲအနီးမှာ ဆက်လက်ပြင်းထန်နေပြီး တအာင်းတပ်ဘက်ကလည်း စစ်တပ်ရဲ့ ထိုးစစ်ကို အပြင်းအထန် ခုခံနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာအတွင်း နေအိမ်တွေ မီးလောင်ပျက်စီးနေပေမယ့် အကြောင်းအရာအသေးစိတ်ကို မသိရသေးပါ။
ဒါ့အပြင် တိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာခံအပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ကျော်မှာ ဒေသခံများ သောင်းချီထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။