ပို့လဘား၊ ဩဂုတ် ၂၃ ရက်၊ လားရှိုး
စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အမျိုးသမီးတစ်ဦးကို သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုရဲ့ ဓားပြတိုက်တာကိုခံရပြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ အဲအမျိုးသမီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၂၃ ရက် ညနေ ၆ နာရီကျော်မှာ လားရှိုးမြို့ရှိ ရပ်ကွက် ၅ မှာ အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့လမ်းထောင့်အိမ်မှာ ကောင်မလေးက သူ့ညီမကို လာပို့တာ။ သူ့ညီမက အောက်ဆင်းသွားပြီး အိမ်ထဲဝင်ခါနီးမှာ သူ့အစ်မလည်းကားထွက်ဖို့လုပ်နေချိန်မှာ အနောက်ကနေ ဆိုင်ကယ်နဲ့နှစ်ယောက်က ပိတ်ရပ်ပြီး ကားလုသွားတာ။ သေနတ်ပစ်လို့ ကောင်မလေးခြေထောက်တော့ ကျည်မှန်သွားတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက် မနက်အစောပိုင်းမှာလည်း လားရှိုးမြို့ နယ်မြေ ၆ နဲ့ နယ်မြေ ၈ အစပ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို အမျိုးသား ၂ ဦးဟာ ရှေ့ကနေ ပိတ်ရပ်ကာ ဓားထောက်ပြီး ဆိုင်ကယ်၊ ဖုန်း၊ ဆွဲကြိုးနဲ့ လက်စွပ် လုယက်ဓားပြတိုက်သွားခဲ့ပါတယ်။
လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဇူလိုင် ၂၅ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပြီး ဓားပြတိုက်မှု၊လုယက်မှု ဆိုးဆိုးရွားရွားဖြစ်ပွါးနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။