ရွှေဖီမြေ၊ ဇူလိုင် ၂၃ ရက်၊ နမ့်လန်
ရှမ်းမြောက် နမ့်လန်မြို့နဲ့ ကျောက်ဂူလမ်းပေါ်ရှိ နောင်ဝိုးကျေးရွာအထွက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သွားလာနေတဲ့ ကားသမားတွေကို စစ်ဆေးမှုတင်းကြပ်နေပြီး ငွေညှစ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကားသမားတွေရဲ့ ကားလိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေအပြင် ကားထဲပါလာတဲ့ ခရီးသည်တွေရဲ့ အထောက်အထားနဲ့ ဖုန်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ၎င်းကအဆိုပါတယ်။
“ကားလိုင်စင် ယာဉ်မောင်းလိုင်စင်တွေကအစ စစ်သားတွေ စစ်ဆေးနေတာ။ အဲဒါတွေ လိုက်စစ်နေတာ သူတို့အလုပ် မဟုတ်ဖူးလေ။ စစ်တပ်ဂိတ်ဆိုတော့ သူတို့တာဝန်အရ သူပုန် ဓားပြ လက်နက် အဲဒါတွေ ပါလားဆိုတာကို စစ်ဆေးဖို့ပါ။ မှတ်ပုံတင် လိုင်စင်တို့က သူတို့အလုပ်မဟုတ်ဘူး ဂိတ်ကြီးတွေမှာ အဖွဲ့စုံက စစ်ဆေးပြီးသားပါ” လို့ ပြောပါတယ်။
စစ်ဆေးမှုတွေ တင်းကြပ်နေတဲ့အပြင် သွားလာတဲ့ ကားသမားတွေကိုလည်း ခြိမ်းခြောက်ပြီးမှ ငွေကျပ် ၃ သောင်းကနေ ၅ သောင်းအထိ တောင်းခံနေကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“စစ်သားတွေ နားမလည်ဘဲ ဟိုမေး ဒီမေး ဟိုစစ် ဒီစစ်ဆိုတော့ ကြောက်တတ်တဲ့သူတွေကတော့ ပေးရတာပေါ့။ လိုင်းကားတွေက ငါးသောင်း သုံးသောင်း ကားပေါ်မူတည်ပြီး ပေးရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ဆေးတင်းကြပ်မှုနဲ့ ငွေတောင်းခံမှုကြောင့် အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာတဲ့ ကားသမားတွေနဲ့ ခရီးသည်တွေအတွက် သွားလာရေးအခက်အခဲ ဖြစ်စေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက ရှမ်းမြောက်နဲ့ရှမ်းတောင်သွားတဲ့ ကားလမ်းမပေါ်မှာ စစ်တပ်က ဂိတ်တွေအများအပြားချထားပြီး အကြောင်းအမျိုးမျိုးပြပြီး စစ်ဆေးတင်းကြပ်တာ၊ငွေတောင်းတာတွေ နေ့စဉ်လိုလိုပြုလုပ်နေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။