ရွှေဖီမြေ၊ ဇူလိုင် ၁၇ ရက်၊ မူးမြို့
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားတဲ့ ခလယ်လွီထူခရိုင် မူးမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်က မူးမြို့နယ်အတွင်းရှိ ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနဲ့ မီးရထားကျေးရွာတွေကို စစ်ကောင်စီတပ်က ဗုံးအလုံး ၂၀ ထက်မနည်း လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာကနေ ပြန်လာကြတဲ့ မီးရထားကျေးရွာက အသက် ၅၇ နှစ်ရှိတဲ့ နော်ဘွေဖောနဲ့ အသက် ၅၆ နှစ်ရှိတဲ့ နော်လေးဝါးတို့ သေဆုံးခဲ့တဲ့အပြင် ဈေးဆိုင် ၂ ဆိုင်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်မှာ မူးမြို့နယ် နိုကလော်ကျေးရွာက ဒေသခံ ၂ ဦးကလည်း ကျေးရွာကနေ ပြန်လာတဲ့အချိန်မှာပဲ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေအနေနဲ့ နေ့စဉ်အမျှ အသက်အန္တရာယ်စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်ဖြတ်သန်းနေကြရပြီး နေရပ်စွန့်ခွာမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကလည်း ပိုမိုဆိုးရွားလာတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။