မိုးထက်၊ ဇူလိုင် ၁၇ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်က မြိုင်မြို့နယ် အိုင်းမရွာကနေ ဝါးရင်းချိုင်ကျေးရွာဘက်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ဝါးရင်းချိုင်ရွာက အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တွေလည်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “စစ်တပ်က ရွာအတွင်းရှိတဲ့ ပြည်သူ့နေအိမ်တွေကို မွှေနှောက်တာတွေ ဖျက်ဆီးတာတွေ ပြုလုပ်ပြီးတော့ ပြည်သူတွေရဲ့ ကြက်၊ဝက်၊နွား အိမ်မွေးတရိစ္ဆာန်တွေကိုလည်း သူတို့စိတ်ကြိုက်ယူပြီး ချက်ပြုတ်စားသောက်ကြတာ တွေ့ရတယ်”
သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ကိုဖိုးပိန်ဆိုသူဖြစ်ပြီး ၎င်းကို စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စပ်ပြီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ် ကျွဲတွင်းရွာကို ရောက်ရှိနေပြီး Y -8 လေယာဉ်နဲ့ ရိက္ခာ (၁၀) ကြိမ်ထက်မနည်း ကိုလည်း ချပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ် ကန်နက်ကျေးရွာက အသက် ၅၀ နှစ်ကျော်အရွယ်နဲ့ အသက် ၆၀ ကျော်အရွယ်ရှိတဲ့ အမျိုးသားနှစ်ဦး၊ ကိုင်းတောမကျေးရွာက အသက် ၅၆ နှစ်ရှိတဲ့အမျိုးသားတစ်ဦးနဲ့ မြင်းကိုးသစ်ရွာက အသက် ၆၇ နှစ်အရှယ်ရှိတဲ့အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ် ၅၀ ထက်မနည်းလည်း မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။