ရဲမာန်၊ မတ်လ ၂၃ ရက်၊ မြောင်
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူလည်း ရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- TGR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မတ်လ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ သောင်းကြီးရွာကို လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းက “၄ ဦးက နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ၁ ဦးကတော့ ဆေးခန်း ရောက်ရောက်ချင်းမှာ သေသွားပါတယ်။ ဒဏ်ရာ ရသူက အတိအကျ မသိရသေးဘူး။ ရုပ်အလောင်းတွေက တစ်စစီ လိုက်ကောက်နေရပါတယ်။ ပေါင်ကတော့ ဘယ်လောက် ရှိတယ်လို့တော့ မသိရဘူး။ ကျင်းကြီးတွေကတော့ လူတစ်ထိုင်လောက် ရှိပါတယ်။ နှစ်လုံးတွဲ နှစ်လုံးတွဲ ချသွားတာပါ” ဆိုပြီး ရွှေဖီမြေသို့ ပြောပါတယ်။
စစ်တပ်အနေနဲ့ အညာဘက်ကို လေကြောင်းနဲ့အတူ အရပ်သားတွေကိုပါ ဖိအားပေး တိုက်ခိုက်လာကြောင့် အရပ်သားတွေအနေနဲ့ လေကြောင်းသတိရှိဖို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စကစဘက်က အညာကို တော်တော်လေး လေကြောင်းနဲ ဖိလာပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာမို့ လေကြောင်းသတိရှိဖို့နဲ့ မပေါ့ဆဖို့ လိုအပ်ပါတယ်။ တိုက်ပွဲလည်း မရှိဘူး။ ပွဲလည်း မရှိဘူး။ သပ်သပ် အရပ်သားတွေကို ဒုက္ခပေး သတ်ခံရတာပါ”
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာလည်း စစ်တပ်က မြောင်မြို့နယ် နဘက်စံပြရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ထိမှန်ခဲ့ပြီး ရက်သားအရွယ် ကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။