ရဲမာန်၊ မတ်လ ၂၁ ရက်၊ မြောင်
စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်စံပြရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ထိမှန်ခဲ့ပြီး ရက်သားကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- TGR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၂၀ ရက် မနက် ၁၁ နာရီမှာ တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“အရပ်သား ၇ ဦး ထိတာပါ။ ရက်သားကလေးငယ်ကတော့ နေရာမှာတင် သေသွားတယ်။ မိခင်ကတော့ ဆေးရုံ တင်ထားရတယ် စိုးရိမ်ရတယ်။ ၃၀ ကျော် ၄၀ ဝန်းကျင် ဘူးခွံ ပုလင်းခွံကောက်တဲ့ အစ်မကြီးလည်း ဆေးရုံ ရောက်ရောက်ချင်း သေသွားတယ်”
အလားတူ မနေ့ မတ်လ ၂၀ ရက်မှာ စစ်တပ်က ကသာမြို့ ရပ်ကွက် ၃ ရှိ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရဟန်းသံဃာနဲ့ စစ်ရှောင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ စစ်တပ်က နဘက်စံပြရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်တပ်က မြောင်မြို့နယ် ဇရပ်ကုန်းရွာကို ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။